အီတလီ စီးရီးအေပြိုင်ပွဲရဲ့ ထိပ်သီးကလပ် အင်တာမီလန်အသင်းဟာ ဒီနှစ် ဘောလုံးရာသီအတွင်း အပြောင်မြောက်ဆုံး စွမ်းဆောင်ရည်ကောင်းတွေကို ပြသထားနိုင်ခဲ့ပြီး ဆုဖလား (၄)လုံး လမ်းကြောင်းမှာပါ ရပ်တည်လျက် ရှိနေပါတယ်။

ဆီမြွန်နီ အင်ဇာဂီရဲ့ အင်တာမီလန်အသင်းဟာ ဒီရာသီမှာ ပြိုင်ပွဲစုံ ပွဲစဉ်ပေါင်း (၁၉)ပွဲအထိ ယှဉ်ပြိုင်ကစားထားခဲ့ပြီး (၁၉)ပွဲအတွင်း ဆာဆူအိုလိုနဲ့ပွဲကိုသာ အရေးနိမ့်ထားပြီး (၁၄)ပွဲနိုင် (၄)ပွဲအထိ သရေကျထားခဲ့ပါတယ်။

Photo Credit : Times Now

အင်တာမီလန်အသင်းက ဒီရာသီ အီတလီ စီးရီးအေမှာ (၁၄)ပွဲ ကစားထားပြီးချိန် (၁၁)ပွဲနိုင် (၂)ပွဲသရေ (၁)ပွဲရှုံးထားခဲ့သလို ရမှတ် (၃၅)မှတ်နဲ့ အမှတ်ပေးဇယားထိပ်ဆုံးမှာ ရပ်တည်ထားသလို ရဂိုး (၃၃)ဂိုးနဲ့ ပေးဂိုး (၇)ဂိုးအထိ ခွင့်ပြုထားရတဲ့အထိ စွမ်းဆောင်ရည် အလွန်ကောင်းမွန်နေပါတယ်။

ချန်ပီယံလိဂ်မှာလည်း (၄)ပွဲ ကစားထားပြီးချိန်မှာပဲ အုပ်စုကနေ (၁၆)သင်းအဆင့်ဆီ စောစောစီးစီး တက်လှမ်းထားနိုင်ခဲ့ပြီး (၅)ပွဲမြောက်မှာဆိုရင်လည်း ဘင်ဖီကာကို ပထမပိုင်းထဲ (၃)ဂိုးပြတ်နဲ့ အပြတ်အသတ် အရေးနိမ့်ထားရာကနေ ဒုတိယပိုင်းမှာ (၃)ဂိုးလိုက်သွင်းကာ သရေရအောင် ကစားထားခဲ့ပါတယ်။

Photo Credit : beIN SPORTS

ဒါ့အပြင် နောက်ဆုံး ကစားထားတဲ့ စီးရီးအေပွဲစဉ်မှာလည်း အင်တာမီလန်က စီးရီးအေရဲ့ လက်ရှိ ချန်ပီယံ နာပိုလီအသင်းကို (၃)ဂိုးပြတ် အပြတ်အသတ်ကို အနိုင်ယူထားပြီး လက်ရှိအချိန်မှာလည်း အင်တာရဲ့ တိုက်စစ်မှူး လော်တာရို မာတီနက်ဇ်က သွင်းဂိုး (၁၃)ဂိုးနဲ့ ဒီရာသီ စီးရီးအေရဲ့ ဂိုးသွင်းအများဆုံး ကစားသမား ဖြစ်နေရပါတယ်။

အခုဆိုရင် အင်တာဟာ စီးရီးအေရဲ့ ဇယားထိပ်မှာ ရပ်တည်လျက် ရှိနေသလို ချန်ပီယံလိဂ်မှာလည်း နောက်တစ်ဆင့် တက်လှမ်းထားပြီဖြစ်ပြီး ကိုပါအီတလီယာဖလား နဲ့ ဇန်နဝါရီလထဲ ဆော်ဒီမှာ ကစားရမယ့် အီတလီ စူပါဖလားတွေအတွက်ပါ မျှော်လင့်ချက် ရှိလာခဲ့ပြီပဲ ဖြစ်ပါတယ်။