ပြီးခဲ့တဲ့ရာသီက မျှော်လင့်ချက်တွေ လွဲချော်ခဲ့ပြီး တိုက်စစ်ပိုင်းကို ပြန်လည် ပြင်ဆင်လိုနေတဲ့ အင်တာမီလန်အသင်းဟာ မန်ချက်စတာ ယူနိုက်တက် တိုက်စစ်မှူး ရက်စ်မတ်စ် ဟွိုင်လန်းကို နွေရာသီ အပြောင်းအရွှေ့အတွက် အဓိက ပစ်မှတ်အဖြစ် သတ်မှတ်လိုက်ပြီ ဖြစ်ပါတယ်။
အီတလီ အခြေစိုက် သတင်းမီဒီယာကြီးတစ်ခုဖြစ်တဲ့ Gazzetta dello Sport သတင်းစာရဲ့ ဖော်ပြချက်အရ အင်တာမီလန်ဟာ မန်ယူနိုက်တက်က ဒိန်းမတ် တိုက်စစ်မှူးကို နွေရာသီ အပြောင်းအရွှေ့ကာလအတွက် သူတို့ရဲ့ ထိပ်တန်းဦးစားပေး ကစားသမားအဖြစ် သတ်မှတ်လိုက်တယ်လို့ သိရပါတယ်။
Photo Credit : Sempreinter
အီတလီထိပ်သီးကလပ်ဟာ ၂၀၂၄-၂၅ ဘောလုံးရာသီမှာ စိတ်ပျက်စရာ အဆုံးသတ်ခဲ့ပြီးနောက် အထူးသဖြင့် ချန်ပီယံလိဂ်ဗိုလ်လုပွဲမှာ ပီအက်စ်ဂျီကို ၅-၀ နဲ့ အရှက်တကွဲ ရှုံးနိမ့်ခဲ့ပြီးနောက် သူတို့ရဲ့ တိုက်စစ်ပိုင်းကို အားဖြည့်ဖို့ ကြိုးစားနေတာ ဖြစ်ပါတယ်။ အင်္ဂလန်မှာ ဟွိုင်လန်းရဲ့ ခြေစွမ်းမတည်ငြိမ်မှုကို အခွင့်ကောင်းယူပြီး အငှားစာချုပ်နဲ့အတူ အပြီးသတ် ဝယ်ယူခွင့်ပါတဲ့ သဘောတူညီမှုမျိုးကို သူတို့ စဉ်းစားနေပါတယ်။
အသက်(၂၂)နှစ်အရွယ် ဟွိုင်လန်းဟာ ၂၀၂၃ ခုနှစ် သြဂုတ်လမှာ အတ္တလန်တာအသင်းကနေ ယူနိုက်တက်ကို ပြောင်းရွှေ့လာခဲ့တာ ဖြစ်ပေမဲ့ မျှော်မှန်းထားသလောက် ခြေစွမ်းမပြနိုင်ခဲ့ဘဲ ၂၀၂၄-၂၅ ပရီးမီးယားလိဂ်ရာသီမှာလည်း (၃၂)ပွဲ ကစားပြီး (၄)ဂိုးသာ သွင်းယူနိုင်ခဲ့ပါတယ်။ ယူရိုပါလိဂ်မှာတော့ ခြေစွမ်းပြနိုင်ခဲ့ပြီး (၆)ဂိုးအထိ သွင်းယူခဲ့ပေမဲ့ ဗိုလ်လုပွဲမှာ တော့တင်ဟမ်ကို ရှုံးနိမ့်ခဲ့သလို လာမယ့်ရာသီ ချန်ပီယံလိဂ်ဝင်ခွင့်လည်း လွဲချော်ခဲ့ပါတယ်။
Photo Credit : Goal
အင်တာမီလန်အသင်းဟာ သူတို့ယှဉ်ပြိုင်ခဲ့တဲ့ ဆုဖလား(၃)လုံးစလုံးကို လက်လွှတ်ခဲ့ရပြီးနောက် တိုက်စစ်ပိုင်းကို အပြောင်းအလဲလုပ်ဖို့ ဆန္ဒရှိနေပါတယ်။ သတင်းတွေအရ အင်တာမီလန်ဟာ ယူရိုသန်း(၄၀)ခန့် အပြောင်းအရွှေ့ဘတ်ဂျက်ရှိပြီး ဟွိုင်လန်းလို အလားအလာကောင်းတဲ့ လူငယ်ကစားသမားတွေကို အာရုံစိုက်နေတယ်လို့ ဆိုပါတယ်။
ဒီတိုက်စစ်မှူးဟာ အရင်က ၂၀၂၂-၂၃ ရာသီတုန်းက စီးရီးအေမှာ အတ္တလန်တာအသင်းနဲ့အတူ ခြေစွမ်းပြခဲ့ဖူးပြီး (၃၂)ပွဲမှာ (၉)ဂိုး သွင်းယူနိုင်ခဲ့တာကြောင့် ယူနိုက်တက်အသင်းဆီကို တန်ဖိုးကြီး ပြောင်းရွှေ့ကြေးနဲ့ ရောက်ရှိလာခဲ့တာပါ။ အတ္တလန်တာအတွက် နောက်ဆုံးကစားခဲ့တဲ့ ရာသီမှာတော့ ဟွိုင်လန်းဟာ ပြိုင်ပွဲစုံ ပွဲပေါင်း (၄၂)ပွဲမှာ (၁၆)ဂိုးသွင်းပြီး ဂိုးဖန်တီးမှု (၇)ကြိမ် ပြုလုပ်နိုင်ခဲ့ပါတယ်။