စီးရီးအေ အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ အင်တာမီလန်က သူတို့အသင်းရဲ့ တိုက်စစ်မှူးဟောင်း တဦး ဖြစ်သူ ရိုမီလု လူကာကူကို ချယ်လ်ဆီးကနေ တရာသီအငှားနဲ့ ပြန်လည် ခေါ်ယူနိုင်ဖို့ နီးစပ်နေကြောင်း ယုံကြည် စိတ်ချရတဲ့ သတင်းရင်းမြစ်တွေက အခိုင်အမာ ဖော်ပြသွားကြပါတယ်။

ပြီးခဲ့တဲ့ ဘောလုံးရာသီမှာ သူတို့ရဲ့ စီးရီးအေ ချန်ပီယံဘွဲ့ကို မြို့ခံပြိုင်ဘက် အေစီမီလန်ထံ လွှဲပြောင်းပေးခဲ့ရပြီးနောက် အင်တာမီလန်က ယခု နွေဈေးကွက် အတွင်းမှာ အသင်းရဲ့ တိုက်စစ်ပိုင်းကို အင်အားမြှင့်တင်ဖို့ စီစဉ်နေပြီး ဂျူဗင်တပ်နဲ့ လမ်းခွဲထားတဲ့ ဒိုင်ဘာလာကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူဖို့ ကြိုးပမ်းနေသလို အသင်းရဲ့ တိုက်စစ်မှူးဟောင်း လူကာကူကိုလည်း တရာသီအငှားနဲ့ ခေါ်ယူနိုင်ဖို့ ချယ်လ်ဆီးနဲ့ တရားဝင် ဆွေးနွေးမှုတွေ ပြုလုပ်နေပါတယ်။

Photo Credit: Goal

အသက် ၂၉နှစ် အရွယ် ဘယ်လ်ဂျီယံ လက်ရွေးစင် ကြယ်ပွင့် တိုက်စစ်မှူး ရိုမီလု လူကာကူက ပြီးခဲ့တဲ့ နွေရာသီ အပြောင်းအရွှေ့ကမှ အင်တာမီလန်ကနေ ချယ်လ်ဆီးထံ ပြောင်းရွှေ့ကြေး ယူရို ၁၁၃သန်းနဲ့ ပြောင်းရွှေ့သွားခဲ့သူ ဖြစ်ပြီး ချယ်လ်ဆီးမှာ မပျော်တာကြောင့် အင်တာမီလန်ထံ ပြန်လာချင်နေသူပါ။

နာမည်ကြီး သတင်းထောက် တဦး ဖြစ်သူ ဖာဘရီဇီယို ရိုမာနိုရဲ့ ဖော်ပြချက်အရ အင်တာမီလန်က လူကာကူကို တရာသီအငှားနဲ့ ခေါ်ယူဖို့ အတွက် ချယ်လ်ဆီးနဲ့ တရားဝင် ဆွေးနွေးမှုတွေ လုပ်နေကာ အင်တာမီလန်က လူကာကူကို တရာသီ အငှားနဲ့ ခေါ်ယူနိုင်ဖို့ အငှားကြေး ယူရို ၁၀သန်း + လူကာကူရဲ့ လုပ်ခလစာ အလုံးစုံကို ပေးချေပါ့မယ် ဆိုတဲ့ ကမ်းလှမ်းမှု ပြုလုပ်ထားပြီး ချယ်လ်ဆီးက အင်တာမီလန်ရဲ့ ကမ်းလှမ်းမှုကို လက်ခံဖွယ် ရှိနေကြောင်းလည်း သိရပါတယ်။

Photo Credit: Goal

လက်ရှိအချိန်မှာတော့ လူကာကူက အင်တာမီလန်ထံ ပြောင်းရွှေ့ဖို့ ခေါင်းညိတ်ထားသလို အင်တာမီလန်နဲ့ ဆေးစစ်မှုတွေ လုပ်ဆောင်ဖို့ပါ ပြင်ဆင်နေပြီး ချယ်လ်ဆီးကတော့ လူကာကူရဲ့ အပြောင်းအရွှေ့ကို အပြီးသတ် ပြီးတာနဲ့ မန်ချက်စတာ စီးတီးရဲ့ တောင်ပံတိုက်စစ် ကစားသမား စတာလင်းကို ခေါ်ယူဖို့ တရားဝင် ဆွေးနွေးမှုတွေ စတင် ပြုလုပ်ဖို့ ရှိနေပါတယ်။