အီတလီ စီးရီးအေ ထိပ်သီးကလပ် အင်တာမီလန်က သူတို့အသင်းရဲ့ တိုက်စစ်ပိုင်း အတွက် ဘွန်ဒက်လီဂါကလပ် ဂလာဘက်ရဲ့ တိုက်စစ်မှူး မားကပ် သူရမ်ကို အလွတ်နဲ့ ခေါ်ယူဖို့ သဘောတူညီမှု ရခဲ့ကြောင်း ယုံကြည် စိတ်ချရတဲ့ သတင်းရင်းမြစ်တွေက ဖော်ပြလာကြပါတယ်။

အသက် ၂၅နှစ် အရွယ် ပြင်သစ်လက်ရွေးစင် တိုက်စစ်မှူး မားကပ် သူရမ်က ယခုလ အကုန်မှာ မိုချန် ဂလာဘက်နဲ့ စာချုပ်သက်တမ်း ကုန်ဆုံးမယ့် ကစားသမား ဖြစ်ပြီး ဂလာဘက်က သူ့ကို စာချုပ်သစ် ချုပ်ဖို့ ကမ်းလှမ်းမှုတွေ လုပ်ခဲ့ပေမယ့် မားကပ် သူရမ်ကတော့ သူ့ရဲ့ ကစားသမား ဘဝ အတွက် ဆုဖလားတွေ စိန်ခေါ်နိုင်တဲ့ ထိပ်သီးအသင်း တသင်းဆီ ပြောင်းရွှေ့ချင်တာကြောင့် ဂလာဘက်ရဲ့ ကမ်းလှမ်းမှုကို ငြင်းဆန် ပယ်ချခဲ့ပါတယ်။

Photo Credit: Football Italia

မားကပ် သူရမ်က အထောင်တိုက်စစ်နဲ့ နောက်ချန်တိုက်စစ် နေရာတွေမှာ ကစားနိုင်စွမ်း ရှိသူ ဖြစ်ပြီး သူက ပြီးခဲ့တဲ့ ဘောလုံးရာသီမှာ ဂလာဘက်အတွက် ပြိုင်ပွဲစုံ ၃၂ပွဲ ပါဝင် ကစားပေးခဲ့ရာ သွင်းဂိုး ၁၆ဂိုး သွင်းယူပေးနိုင်ခဲ့သလို ဂိုးဖန်တီးမှု ၇ကြိမ် ပြုလုပ်နိုင်ခဲ့ပါတယ်။

သူ့ရဲ့ ခြေစွမ်းကောင်းတွေကြောင့်ပဲ ဥရောပ နာမည်ကြီးအသင်းတွေ ဖြစ်တဲ့ ပီအက်စ်ဂျီ ၊ အင်တာမီလန် ၊ အေစီမီလန် စတဲ့ အသင်းတွေက မားကပ် သူရမ်ကို ခေါ်ယူဖို့ အပြိုင်အဆိုင် ကြိုးစားခဲ့ကြပြီး မားကပ် သူရမ်ကတော့ ပုံမှန် ပွဲထွက်ခွင့် ရဖို့ သေချာသလို ဆုဖလားတွေကို စိန်ခေါ်နိုင်စွမ်းလည်း ရှိတဲ့ အင်တာမီလန်ဆီ ပြောင်းရွှေ့ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။

Photo Credit: Tribuna

နာမည်ကြီး သတင်းထောက် ဖြစ်သူ ဖာဘရီဇီယို ရိုမာနိုရဲ့ ဖော်ပြချက်အရ မားကပ် သူရမ်က ပီအက်စ်ဂျီ ၊ လိုက်ပ်ဇစ် ၊ အေစီမီလန် စတဲ့ အသင်းတွေကို ငြင်းပယ်ကာ အင်တာမီလန်ဆီ ပြောင်းရွှေ့ဖို့ ဆုံးဖြတ်ခဲ့ပြီး အင်တာမီလန်က သူရမ်ကို တနှစ် အသားတင် လုပ်ခလစာ ယူရို ၆သန်း ဝန်းကျင်နဲ့ ၄နှစ် သက်တမ်း ရှိတဲ့ စာချုပ်တရပ် ချုပ်ဆိုဖို့ သဘောတူညီမှု ရခဲ့တာ ဖြစ်ကြောင်း သိရပါတယ်။

မားကပ် သူရမ်က အင်တာမီလန် ကနေ ဖီနာဘာချီထံ အလွတ်နဲ့ ပြောင်းရွှေ့သွားတဲ့ တိုက်စစ်မှူး ဂျက်ကိုရဲ့ နေရာကို အစားဝင်ရမှာ ဖြစ်ပြီး အင်တာမီလန်က သူရမ်ကို ခေါ်ယူပြီးနောက် ချယ်လ်ဆီးတိုက်စစ်မှူး လူကာကူကို ခေါ်ယူဖို့ ဆက်လက် ကြိုးပမ်းနေပါသေးတယ်။