အမေရိကန် မေဂျာလိဂ် ဘောလုံးအသင်း တစ်သင်းဖြစ်တဲ့ အင်တာ မိုင်ယာမီအသင်းရဲ့ လာမယ့် ၂၀၂၄ ဘောလုံးရာသီအတွက် တစ်ရာသီလုံးစာ လက်မှတ်တွေ အားလုံး မနေ့ကပဲ အကုန် ရောင်းချလိုက်ရတယ်လို့ ကလပ်အသင်းဘက်ကနေ တရားဝင် ထုတ်ပြန်လာခဲ့ပါတယ်။

အင်္ဂလန် ဘောလုံးသမားဟောင်းကြီး ဒေးဗစ် ဘက်ဟမ်း ပူးတွဲ ပိုင်ဆိုင်ထားတဲ့ အင်တာ မိုင်ယာမီအသင်းဟာ လွန်ခဲ့တဲ့ ၂၀၁၈ခုနှစ်ကမှ တည်ထောင်ထားတဲ့ သက်တမ်းနု အသင်းတစ်သင်း ဖြစ်ပေမယ့်လည်း ဘောလုံးလောကရဲ့ GOAT ကြီးတစ်ဦးဖြစ်သူ လီယွန်နယ် မက်ဆီ ပါဝင်နေတဲ့ အသင်းလည်း ဖြစ်ပါတယ်။

Photo Credit : People

မိုင်ယာမီအသင်းဟာ ပြီးခဲ့တဲ့ ဇူလိုင်လကပဲ GOAT ကြီး မက်ဆီနဲ့အတူ မက်ဆီရဲ့ အသင်းဖော်ဟောင်းတွေဖြစ်တဲ့ ဘူးစကွက်စ် အယ်လ်ဘာတို့ကို ခေါ်ယူနိုင်ခဲ့ပြီး ဒီကစားသမားတွေရဲ့ ခြေစွမ်းပြမှုနဲ့ပဲ အသင်းက Leagues Cup ချန်ပီယံ ဖြစ်ခဲ့ပါတယ်။

အသင်းသမိုင်းတစ်လျှောက် ပထမဆုံး ဆုဖလားကို ပိုင်ဆိုင်နိုင်ခဲ့တဲ့ မိုင်ယာမီအသင်းဟာ မက်ဆီကို ခေါ်ယူနိုင်ပြီးချိန်မှာပဲ အသင်းဆီ ပရိသတ် လာရောက် ကြည့်ရှုမှု အဆမတန် မြင့်တက်လာခဲ့ရပြီး လက်မှတ်ရောင်းချမှုတွေလည်း အတော်လေး မြင့်မားလာခဲ့ရပါတယ်။

Photo Credit : Major League Soccer

အခုလည်း မိုင်ယာမီအသင်းဟာ ၂၀၂၃ ဘောလုံးရာသီ ပြီးဆုံးပြီး (၂)ပတ်အကြာမှာပဲ လာမယ့် ဘောလုံးရာသီအတွက် တစ်ရာသီ လက်မှတ်တွေ ရောင်းချရာ ရက်ပိုင်းအတွင်းမှာ အကုန်လုံး ရောင်းကုန်သွားခဲ့ရပါတယ်။

မိုင်ယာမီအသင်းဟာ ၂၀၂၄ ဘောလုံးရာသီသစ်အတွက် တစ်ရာသီ လက်မှတ်ဈေးကို (၂)ဆထိ မြင့်တင်ထားပေမယ့်လည်း လက်မှတ် ဝယ်လိုအားက အလွန်ကောင်းနေသလို ကွင်းထဲက ထိုင်ခုံ အရေအတွက်ကိုလည်း တိုးချဲ့သွားဖို့ ရှိနေပါတယ်။