အင်တာမီလန်အသင်းရဲ့ ကွင်းလယ်ကစားသမား ဒယ်ဗီဒီ ဖရာတက်စီဟာ ဆန်စီရိုကွင်းကြီးမှာ ဘာစီလိုနာကို ချန်ပီယံလိဂ် ဆီမီးဖိုင်နယ် အနိုင်ဂိုး သွင်းယူပြီးနောက် အလွန်အကျွံ ပြင်းထန်စွာ အောင်ပွဲခံခဲ့ရာမှာ သတိလစ်မလို ဖြစ်ခဲ့ကြောင်း ဝန်ခံပြောကြားလိုက်ပါတယ်။

အီတလီကွင်းလယ်လူ ဖရာတက်စီဟာ အင်တာမီလန်အသင်းအတွက် အဆိုပါ ဒရာမာအပြည့်နဲ့ ညချမ်းမှာ တကယ့်ပွဲအနိုင်ဂိုးရှင် သူရဲကောင်း ဖြစ်ခဲ့ပါတယ်။ သူဟာ အရံခုံကနေ လူစားဝင်လာပြီး ပွဲပြီးခါနီးမှာ အဖိုးတန်အနိုင်ဂိုးကို သွင်းယူပေးခဲ့တာဖြစ်ပြီး ဒီဂိုးကြောင့် အင်တာမီလန်ဟာ ဘာစီလိုနာကို ၄-၃ (စုစုပေါင်းနှစ်ကျော့ ၇-၆ )နဲ့ အနိုင်ယူပြီး ချန်ပီယံလိဂ် ဗိုလ်လုပွဲဆီကို တက်လှမ်းသွားနိုင်ခဲ့ပါတယ်။

Photo Credit : Goal

ပွဲအစပိုင်းမှာတော့ အင်တာမီလန်အသင်းက ပွဲကို ထိန်းချုပ်ထားနိုင်ခဲ့ပြီး လော်တာရို မာတီနက်ဇ်ရဲ့ အနီးကပ်ပိတ်သွင်းဂိုး ဟာကန် ချာဟာနိုဂလူးရဲ့ အငြင်းပွားဖွယ်ရာ ပင်နယ်တီဂိုးတွေနဲ့အတူ ၂-၀ နဲ့ ဦးဆောင်ခဲ့ပါတယ်။ ဒါပေမဲ့ ဧည့်သည် ဘာစီလိုနာအသင်းကလည်း အရှုံးမပေးဘဲ အားမာန်အပြည့်နဲ့ ပြန်လည်တိုက်စစ်ဆင်ခဲ့ပြီး အဲရစ် ဂါစီယာနဲ့ ဒန်နီ အော်လ်မိုတို့ရဲ့ ဂိုးတွေအပြင် (၈၇) မိနစ်မှာ ရာဖင်ဟာက ဂိုးဧရိယာထောင့်ထဲကို တိကျစွာကန်သွင်းပြီး ဘာစီလိုနာအတွက် ၃-၂ နဲ့ ပြန်လည်ဦးဆောင်စေခဲ့ပါတယ်။

အိမ်ရှင် အင်တာမီလန်အသင်း ပြိုင်ပွဲကနေ ထွက်ရတော့မယ်လို့ ထင်မှတ်နေချိန်မှာပဲ ဒန်ဇယ် ဒမ်းဖရိုင်းစ်ရဲ့ ဖြတ်တင်ဘောကနေ ဝါရင့်နောက်ခံလူကြီး ဖရန်ချက်စကို အာချာဘီက ထိပ်တန်းတိုက်စစ်မှူးတစ်ဦးအလား အပိုင်အဆုံးသတ်ကာ ၃-၃ ဖြစ်စေခဲ့ပြီး ပွဲကို အချိန်ပိုဆီသို့ ဆွဲခေါ်သွားခဲ့ပါတယ်။ ဒုတိယပိုင်းမှာ ဘာစီလိုနာက ပွဲကို အသာစီးရနေခဲ့ပေမယ့် အချိန်ပိုမှာတော့ မာဒီ တာရီမီရဲ့ ဖန်တီးပေးမှုကနေ ဖရာတက်စီက ဂိုးသမားရဲ့ လက်လှမ်းမမီတဲ့ ဂိုးထောင့်ထဲကို အပြင်းကန်သွင်းပြီး အင်တာမီလန်အတွက် နှစ်ကျော့ပေါင်းရလဒ် ၇-၆ နဲ့ ဦးဆောင်စေမယ့် အဖိုးတန်အနိုင်ဂိုးကို သွင်းယူပေးခဲ့ပါတယ်။

Photo Credit : Quotidiano

ဂိုးသွင်းပြီးနောက်မှာတော့ ဖရာတက်စီဟာ ထောင့်ကန်ဘော အလံဆီကို အားရပါးရ အော်ဟစ်ရင်း ပြေးသွားခဲ့ပြီး အိမ်ရှင်ပရိသတ်တွေနဲ့ ပိုမို နီးကပ်စွာအောင်ပွဲခံနိုင်ဖို့ ဂိတ်တံခါးတစ်ခုကိုတောင် ကျော်တက်ခဲ့ပါသေးတယ်။ ဒီလို အလွန်အကျွံ အားထုတ်အောင်ပွဲခံခဲ့မှုရဲ့ အကျိုးဆက်ကိုလည်း သူကောင်းကောင်းခံစားခဲ့ရပါတယ်။ “ကျွန်တော် ပွဲပြီးတဲ့အထိ ကစားနိုင်ခဲ့လို့ တော်တော်ကံကောင်းပါတယ်။ အောင်ပွဲခံတာ အရမ်းလွန်သွားတော့ ခေါင်းတွေမူးပြီး သတိတောင်လစ်မလို ဖြစ်သွားခဲ့တယ်။

“ကျွန်တော် အသင်းရဲ့ ဆေးအဖွဲ့ကို ကျေးဇူးတင်ရမှာပါ။ မနေ့က ကျွန်တော့်မှာ ဝမ်းဗိုက်ကြွက်သားဒဏ်ရာ နည်းနည်းရထားတော့ သူတို့ ဒီပွဲအတွက် ကျွန်တော့်ကို အချိန်မီကြံ့ခိုင်အောင် မယုံနိုင်လောက်အောင် ကူညီပေးခဲ့ကြတယ်။ ဒါက တကယ်ကို မယုံနိုင်စရာပါပဲ ဘာပြောရမှန်းတောင်မသိဘူး။ ဘိုင်ယန်မြူးနစ်နဲ့ပွဲတုန်းက ခံစားချက်မျိုး နောက်တစ်ခါ ရနိုင်မှာမဟုတ်ဘူးလို့ ထင်ခဲ့တာ ဒါပေမဲ့ ဒီညက အဲဒီထက်တောင် ပိုမိုက်တယ်။ ဒါက ဘောလုံးရဲ့အလှတရားပဲပေါ့။ ဒါ ကျွန်တော့်ရဲ့ကစားသမားဘဝပါပဲ။ ကျွန်တော့်မှာ မွေးရာပါ ထူးချွန်တဲ့ပါရမီတွေ အများကြီးမပါလာခဲ့ပေမဲ့ ကျွန်တော်က ဘယ်တော့မှ အရှုံးမပေးတတ်ဆုံးနဲ့ အမြဲတမ်းယုံကြည်မှုအရှိဆုံးသူပါ။ ဒါကြောင့် ဒီအောင်မြင်မှုက ကျွန်တော့်ရဲ့ ကြိုးစားအားထုတ်မှုနဲ့ စိတ်နှစ်မြှုပ်မှုတို့အတွက် ရလာတဲ့ ဆုလာဘ်ပါပဲ” လို့ ဖရာတက်ဆီ ပြောကြားခဲ့ပါတယ်။