အင်တာမီလန်အသင်းက ဝက်စ်ဟမ်းအသင်းရဲ့ အီတလီ တိုက်စစ်မှူး ဂျန်လူကာ ဆကာမာကာကို ခေါ်ယူဖို့ ကြိုးပမ်းနေရင်းမှာ အတ္တလန်တာ ဖြတ်လုတာ ခံလိုက်ရလို့ လက်ရှိမှာတော့ အာဆင်နယ် တိုက်စစ်မှူး ဘာလိုဂန်ကိုသာ ဆက်လက် ပစ်မှတ်ထားသွားဖို့ ရှိနေပါတယ်။

အင်တာမီလန်က အသင်း တိုက်စစ်ပိုင်းအတွက် အမေရိကန် တိုက်စစ်မှူးလေး ဘာလိုဂန်ကို အစောပိုင်းကတည်းက ပစ်မှတ်ထားခဲ့တာ ဖြစ်ပေမယ့်လည်း အာဆင်နယ်ဘက်က ဘာလိုဂန်အတွက် asking price ကို ပေါင် သန်း(၅၀)အထိ သတ်မှတ်ထားလို့ အင်တာတို့ လက်တွန့်ခဲ့ရပါတယ်။

Photo Credit : Transfermarket

ဒါကြောင့် ဘာလိုဂန်ထက် ဈေးပိုသက်သာပြီး စီးရီးအေ အတွေ့အကြုံကောင်းတွေလည်း ပိုင်ဆိုင်ထားတဲ့ ဆာဆူအိုလို ကစားသမားဟောင်း ဆကာမာကာကို ပစ်မှတ်ထား ကမ်းလှမ်းခဲ့ရာ ကနဦး ကမ်းလှမ်းမှုကို ဝက်စ်ဟမ်းက ပယ်ချလိုက်ချိန် အတ္တလန်တာအသင်းပါ ဒီအပြောင်းအရွှေ့ထဲကို ဝင်ရောက်လာခဲ့ပါတော့တယ်။

ဟွိုင်လန်းကို မန်ယူနိုက်တက်အသင်းဆီ လက်လွတ်လိုက်ရတဲ့ အတ္တလန်တာက တိုက်စစ် ပြန်ဖြည့်ဖို့ လိုအပ်နေတာကြောင့် ဆကာမာကာကို ဝက်စ်ဟမ်း လိုချင်နေတဲ့ တန်ကြေးမျိုးပေးပြီး အင်တာဆီက ဖြတ်လုခဲ့ရာ အခုဆိုရင် အလုံးစုံ သဘောတူညီမှုတောင် ရသွားခဲ့ပြီပဲ ဖြစ်ပါတယ်။

Photo Credit : Twitter

ဒီအခြေအနေမှာ အင်တာအနေနဲ့ သူတို့ရဲ့ ပစ်မှတ်ဟောင်း ဘာလိုဂန်ကိုသာ ပြန်လည် အာရုံစိုက်ရတော့မှာဖြစ်ပြီး အာဆင်နယ်ဘက်ကလည်း ဂျေဇူး ဒူးဒဏ်ရာ ရရှိနေချိန်မှာတောင် ဘာလိုဂန်ကို နေရာပေးဖို့ထက် ရောင်းချလိုက်ဖို့သာ ဆန္ဒရှိနေတာကြောင့် သင့်တော်တဲ့ ကမ်းလှမ်းမှုတွေ ရလာရင် ရောင်းချဖို့ ရှိနေပါတယ်။

အင်တာမီလန်ကလည်း လူကာကူ ဂျက်ကိုတို့ မရှိတော့တဲ့ တိုက်စစ်မှာ မားကပ်စ် သူရမ် တစ်ဦးတည်းသာ ပြန်လည် ဖြည့်တင်းထားနိုင်သေးပြီး နောက်ထပ် တိုက်စစ်မှူးတစ်ဦး ထပ်မံ အလိုရှိနေသေးတာကြောင့် ဘာလိုဂန်ကို မဖြစ်မနေ ခေါ်ယူဖွယ် ရှိနိုင်ပါတယ်။