စပိန်လာလီဂါ အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ ဘာစီလိုနာနဲ့ စပိန်လက်ရွေးစင် အသင်းတို့ရဲ့ ဂန္တဝင် ကွင်းလယ်လူ တဦး ဖြစ်သူ အင်နီယေစတာကတော့ ဘာစီလိုနာ ပရိသတ်တွေက သူ့ရဲ့ အသင်းဖော်ဟောင်းတွေ ဖြစ်တဲ့ ပီကေးနဲ့ ဘက်စ်ကွက်တို့ နှစ်ဦးအား လှောင်ပြောင်နေတာကို မြင်တွေ့ရတာဟာ စိတ်မကောင်း ဖြစ်စရာပါပဲလို့ ပါလ်ဇန် ၂-၄ ဘာစီလိုနာ ပွဲအပြီးမှာ ထုတ်ဖော် ပြောကြားသွားခဲ့ပါတယ်။

ပီကေးနဲ့ ဘက်စ်ကွက်တို့ နှစ်ဦးက ဘာစီလိုနာရဲ့ အကယ်ဒမီ ကနေ ထွက်ပေါ်လာတဲ့ ကစားသမားတွေ ဖြစ်သလို အသင်းအတွက် နှစ်ပေါင်းများစွာ ပေးဆပ် ကစားခဲ့ကြသူတွေ ဖြစ်ပေမယ့် သူတို့နှစ်ဦးစလုံးဟာ ယခုနှစ် ဘောလုံးရာသီမှာ ခြေစွမ်းကောင်းတွေ ပြသနိုင်ဖို့ ရုန်းကန်နေကြရပါတယ်။

Photo Credit: Sports Brief

ခြေစွမ်းကောင်းတွေ ပြသနိုင်ဖို့ ရုန်းကန်နေရသလို မကြာခဏ ဆိုသလို အမှားတွေ ကျူးလွန်နေတာကြောင့်ပဲ ဘာစီလိုနာ ပရိသတ်တွေက ပီကေးနဲ့ ဘက်စ်ကွက်တို့ကို အသင်းအတွက် ထပ်မံ မကစားပေးဖို့ တောင်းဆိုနေကြသလို သူတို့နှစ်ဦး ပါဝင် ကစားတဲ့ ပွဲတိုင်းမှာလည်း နှစ်ဦးစလုံးကို အော်ဟစ် လှောင်ပြောင်မှုတွေ ပြုလုပ်ခဲ့ကြပါတယ်။

အထူးသဖြင့် ဘာစီလိုနာ ပရိသတ်တွေက လတ်တလောမှာ အိမ်ထောင်ရေး အရှုပ်အရှင်း ဖြစ်ထားတဲ့ ပီကေးကို ပစ်မှတ်ထား လှောင်ပြောင်မှုတွေ ပြုလုပ်နေကြပြီး ပီကေး တယောက် ဘောလုံးထိတဲ့ အကြိမ်တိုင်းမှာ “Boo”လို့ အော်ကာ ဝိုင်းဝန်း လှောင်ပြောင်နေကြကာ ပီကေးနဲ့ ဘက်စ်ကွက်တို့ရဲ့ အသင်းဖော်ဟောင်း ဖြစ်သူ အင်နီယေစတာကတော့ သူ့ရဲ့ အသင်းဖော်ဟောင်း နှစ်ဦး အခုလို လှောင်ပြောင်ခံနေရတဲ့ အပေါ် စိတ်မကောင်း ဖြစ်မိကြောင်း ဆိုလာပါတယ်။

Photo Credit: Sports Brief

ဒါပေမယ့် အင်နီယေစတာက ပီကေးနဲ့ ဘက်စ်ကွက်တို့ နှစ်ဦးအား လှောင်ပြောင်နေတဲ့ ဘာစီလိုနာ ပရိသတ်တွေကို စိတ်ဆိုးခြင်း မရှိပဲ ဘာစီလိုနာ ပရိသတ်တွေက အသင်းဆီကနေ အကောင်းဆုံး ဆိုတဲ့ အရာတွေကိုပဲ မျှော်လင့်နေသူတွေ ဖြစ်တာကြောင့် အခုလိုမျိုး စွမ်းဆောင်ရည် မကောင်းတော့တဲ့ ကစားသမားတွေကို ဝေဖန်နေကြတာလို့ ကာကွယ် ပြောဆိုပေးသွားခဲ့ပါသေးတယ်။

အင်နီယေစတာက – “ပရိသတ်တွေ ကိုယ်တိုင် ကိုယ့်အသင်းရဲ့ ကစားသမားတွေကို ပြန်လှောင်နေတဲ့ မြင်ကွင်းဟာ ဘယ်သူမှ မမြင်ချင်တဲ့ မြင်ကွင်းမျိုးပါ။ ပရိသတ်တွေက ပီကေးနဲ့ ဘက်စ်ကွက်တို့ကို လှောင်နေတာ မြင်ရတော့ စိတ်မကောင်း ဖြစ်မိပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ အားလုံး သိထားတဲ့ အတိုင်းပဲ ဘာစီလိုနာ ဆိုတာ တောင်းဆိုမှုတွေ အရမ်းကို မြင့်တဲ့ ဘောလုံးအသင်း တသင်းပါ။ ဒါကြောင့် ပရိသတ်တွေက အသင်းနဲ့အတူ သမိုင်းတွေ ရေးထိုးထားနိုင်တဲ့ ကစားသမားတွေကို အခုလိုမျိုး လုပ်နေခဲ့တာပါ။ ဘူစီ (ဘက်စ်ကွက်)နဲ့ ဂျာရတ် (ပီကေး)တို့ နှစ်ဦးစလုံးက အခုချိန် အထိ ဘာစီလိုနာမှာ ဆက်ရှိနေနိုင်တာဟာ သူတို့နှစ်ယောက်မှာ အရည်အသွေးကောင်းတွေ ရှိနေသေးလို့ပဲ ဖြစ်ပါတယ်။ ဒါက သေချာပါတယ်။ ဒါကြောင့် ဘာစီလိုနာမှာ ရှိနေတဲ့ ဘယ်သူမဆို သူတို့တွေ ခြေစွမ်းကျနေတာကို မြင်ချင်မှာ မဟုတ်ပါဘူး။ လှောင်နေကြတဲ့ ပရိသတ်တွေ ကိုယ်တိုင် ဘူစီနဲ့ ဂျာရတ်တို့ ခြေစွမ်းကျနေတာကို မြင်ချင်ကြမယ် မထင်ပါဘူး” လို့ ထုတ်ဖော် ပြောဆိုသွားခဲ့တာပါ။