ပရီးမီးယားလိဂ် နာမည်ကြီးကလပ် မန်ချက်စတာ ယူနိုက်တက်က ပြီးခဲ့တဲ့ စနေနေ့မှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ အက်ဖ်အေဖလား ဗိုလ်လုပွဲမှာ မြို့ခံပြိုင်ဘက် မန်ချက်စတာ စီးတီးကို ၁-၂ ဆိုတဲ့ ရလဒ်နဲ့ အနိုင်ရကာ ချန်ပီယံ အဖြစ် အောင်ပွဲခံနိုင်ခဲ့ပြီးနောက် နည်းပြချုပ် အဲရစ် တန်ဟက်ဂ်ကို ရာထူးကနေ မထုတ်ပယ်တော့ပဲ အသင်းမှာ ဆက်ထားဖို့ ပြန်လည် စဉ်းစားနေကြောင်း ယုံကြည်ရတဲ့ သတင်းရင်းမြစ်တွေက ဖော်ပြလာကြပါတယ်။

အဲရစ် တန်ဟက်ဂ် ဦးဆောင်လာတဲ့ မန်ချက်စတာ ယူနိုက်တက်က ဒီရာသီမှာ ရလဒ်ဆိုးတွေနဲ့ တောက်လျှောက် ကြုံတွေ့လာခဲ့တာကြောင့် ပူပူနွေးနွေး ပရီးမီးယားလိဂ်ချန်ပီယံ ဖြစ်ထားတဲ့ မန်ချက်စတာ စီးတီးကို အနိုင်မရလောက်ဘူးလို့ တွက်ထားကြပေမယ့် တကယ်တမ်းမှာ မန်ချက်စတာ ယူနိုက်တက်က သူတို့ရဲ့ အကောင်းဆုံး ကစားဟန် တစ်ခုကို ချပြရင်း မန်ချက်စတာ စီးတီးကို ထိုက်ထိုက်တန်တန် အနိုင်ယူသွားခဲ့ပါတယ်။

Photo Credit: Football 365

မန်ချက်စတာ စီးတီး ၁-၂ မန်ချက်စတာ ယူနိုက်တက် ပွဲစဉ်မှာ နှစ်သင်းစလုံးက အဓိက ကစားသမား အစုံအလင် ထည့်သွင်းကာ ကစားခဲ့ကြပြီး မန်ချက်စတာ ယူနိုက်တက်ဘက်မှာ ဒဏ်ရာတွေကနေ ပြန်လည် သက်သာလာတဲ့ အဓိက ဗဟိုခံစစ်မှူး နှစ်ဦး ဖြစ်တဲ့ မာတီနက်ဇ်နဲ့ ဗာရန်းတို့ ပြန်လည် ပါဝင်လာကာ သူတို့နှစ်ဦးရဲ့ စွမ်းဆောင်ရည်တွေကြောင့်ပဲ ယူနိုက်တက်ရဲ့ ကွင်းလယ်နဲ့ ခံစစ်ကြောင်းက မန်ချက်စတာ စီးတီးရဲ့ ထက်မြက်လှတဲ့ တိုက်စစ်ကို အသက်မဲ့သွားအောင် လုပ်နိုင်ခဲ့ပါတယ်။

မန်ချက်စတာ စီးတီးရဲ့ တိုက်စစ်ကို ဦးချိုးပြီးနောက် မန်ချက်စတာ ယူနိုက်တက်က ရက်ရှ်ဖို့ဒ် ၊ ဂါနာချို ၊ ဘရူနိုနဲ့ မိုင်နူးတို့ရဲ့ လျင်မြန်တဲ့ တွဲလုံးတွေကနေ တဆင့် မန်ချက်စတာ စီးတီးရဲ့ ခံစစ်ကြောင်းကို အကြိမ်ကြိမ် ထိုးဖောက်ပြခဲ့ပြီး မန်ချက်စတာ ယူနိုက်တက် အတွက် အဖိုးတန် အနိုင်ဂိုးတွေကို လူငယ်ကြယ်ပွင့်တွေ ဖြစ်ကြတဲ့ ဂါနာချိုနဲ့ မိုင်နူးတို့က သွင်းယူပေးခဲ့ကြကာ မန်ချက်စတာ စီးတီး အတွက် ချေပဂိုးကိုတော့ လူစားဝင် ကစားသမား ဒိုကူက သွင်းပေးခဲ့တာ ဖြစ်ပါတယ်။

 

Photo Credit: 90 Min

မန်ချက်စတာ ယူနိုက်တက်က ယမန်နှစ်ရဲ့ အက်ဖ်အေဖလားရှုံးကြွေးကို ပြန်ဆပ်ကာ အက်ဖ်အေချန်ပီယံ အဖြစ် အောင်ပွဲခံနိုင်ခဲ့သလို လာမယ့်နှစ်မှာ ယူရိုပါလိဂ်ပြိုင်ပွဲဝင်ခွင့်ကိုပါ တပါထဲ သိမ်းပိုက်နိုင်ခဲ့တာကြောင့် အက်ဖ်အေဖလားအောင်ပွဲက အနာဂတ် မရေမရာ ဖြစ်နေတဲ့ ယူနိုက်တက်နည်းပြချုပ် အဲရစ် တန်ဟက်ဂ်ကို ကြီးမားတဲ့ အကူအညီတွေ ပေးနေပါတယ်။

ယုံကြည်ရတဲ့ သတင်းဌာနတွေ ဖြစ်ကြတဲ့ မန်ချက်စတာ ညနေခင်းနဲ့ Daily Mailတို့ရဲ့ တညီတညွတ်ထဲ ဖော်ပြချက်တွေအရ မန်ချက်စတာ ယူနိုက်တက်ရဲ့ တာဝန်ရှိသူတွေက တန်ဟက်ဂ်ရဲ့ အနာဂတ်ကို ဆုံးဖြတ်ပေးမယ့် စွမ်းဆောင်ရည် အကဲဖြတ်မှုကို လုပ်ဆောင်နေပြီး အက်ဖ်အေချန်ပီယံ ဖြစ်ခဲ့တဲ့ အချက်ကြောင့် တန်ဟက်ဂ်ရဲ့ ယူနိုက်တက်နည်းပြ အဖြစ် ဆက်ရှိနေနိုင်ချေဟာ တိုးမြင့်လာခဲ့ကာ ယူနိုက်တက်ရဲ့ တာဝန်ရှိသူ တချို့ကလည်း တန်ဟက်ဂ်ကို အသင်းနဲ့ သင့်တော်သူလို့ ယူဆလာကြကြောင်း သိရှိရပါတယ်။