ဘာစီလိုနာအသင်းကတော့ အသင်းရဲ့ နည်းပြဖြစ်သူ ဇာဗီ ဟာနန်ဒက်ဇ်နဲ့ လက်တွဲဖြုတ်သွားဖြစ်မယ်ဆိုရင် သူ့နေရာမှာ အာဆင်နယ်အသင်း နည်းပြ မီခယ်လ် အာတီတာနဲ့ ပြန်လည် အစားထိုးချင်နေတယ်လို့ စပိန်မီဒီယာတွေကနေ ဖော်ပြလာခဲ့ပါတယ်။

ဇာဗီရဲ့ ဘာစီလိုနာအသင်းဟာ ဒီရာသီမှာ စပိန်လာလီဂါ အမှတ်ပေးဇယားမှာ အဆင့် (၄)နေရာထိ ရောက်ရှိနေသလို စပိန် စူပါဖလား ဗိုလ်လုပွဲမှာလည်း မဟာပြိုင်ဘက် ရီးယဲလ်မက်ဒရစ်ကိုပါ (၄)ဂိုး (၁)ဂိုးနဲ့ အပြတ်အသတ် အရှုံးပေးထားခဲ့ရပြီး ဖလားတစ်လုံး လက်လွတ်လိုက်ရပါတယ်။

Photo Credit : Marca

ပြီးခဲ့တဲ့ ရာသီတုန်းက ဘာစီလိုနာအတွက် လာလီဂါဖလား နဲ့ စပိန် စူပါဖလားတွေ ရယူပေးခဲ့ပြီး လာလီဂါမှာလည်း ဒုတိယနေရာက ရီးယဲလ်ထက် (၁၀)မှတ်အသာအပြင် ခံစစ်ကလည်း (၃၈)ပွဲလုံးမှာ ဂိုး (၂၀)သာ ခွင့်ပြုခဲ့ရတဲ့အထိ အတော်လေးကို အလုပ်ဖြစ်ခဲ့ပါတယ်။

ဒါပေမယ့် ဒီရာသီထဲ ဇာဗီရဲ့ နည်းဗျူဟာတွေက မေးခွန်းထုတ်စရာ သံသယဝင်စရာတွေ ဖြစ်လာခဲ့ရပြီး ဒါဟာလည်း စူပါဖလား ဗိုလ်လုပွဲအတွင်းမှာ ပိုမို သိသာထင်ရှားခဲ့ပါတယ်။ ဒါကြောင့်လည်း ဘာစီလိုနာ ဥက္ကဌ လာပေါ်တာနဲ့ အားကစားဒါရိုက်တာ ဒေကိုတို့က ဇာဗီအပေါ်ကို အနည်းငယ် သံသယဝင်စပြုလာကြပါတယ်။

Photo Credit : talkSPORT

လက်ရှိမှာတော့ ဇာဗီကို အသင်းကနေ ချက်ချင်းကြီး ရုတ်တရက် ထုတ်ပယ်သွားဖို့က အခြေအနေ အရမ်းနည်းပါးလွန်းနေပြီး တကယ်လို့ ဇာဗီနဲ့သာ လမ်းခွဲခဲ့မယ်ဆိုရင်တော့ ဘာစီလိုနာဘက်က အာဆင်နယ် နည်းပြ အာတီတာကို ဇာဗီနေရာအတွက် အစားထိုးသွားချင်နေပါတယ်။

အာတီတာ အာဆင်နယ်အသင်းကို အကောင်းဆုံး ဦးဆောင်နေသူ ဖြစ်သလို အာဆင်နယ်ကိုလည်း ထိပ်တန်း အသင်းကြီးတစ်သင်း ပုံစံ ပြန်ရအောင် တည်ဆောက်ထားနိုင်တာကြောင့် လာမာစီယာ အကယ်ဒမီထွက် ဖြစ်ခဲ့ဖူးတဲ့ အာတီတာကို ဘာစီလိုနာအသင်းက စိတ်ဝင်စားနေတာပဲ ဖြစ်ပါတယ်။