အသင်းကို ကီလီယန် ဘာပေ ရောက်ရှိလာခဲ့ရင် နည်းပြကြီး ကားလို့ အန်ဆယ်လော့တီအတွက် ကောင်းမွန်တဲ့ ခေါင်းခြောက်စရာ ပြသာနာတွေ ဖြစ်လာနိုင်လိမ့်မယ်လို့ ရီးယဲလ် မက်ဒရစ် တိုက်စစ်ကစားသမား ရိုဒရီဂိုက မှတ်ချက်ပြု ပြောကြားသွားခဲ့ပါတယ်။

လက်ရှိ ရီးယဲလ်အသင်းရဲ့ တိုက်စစ်ပိုင်းမှာ ဗင်နီစီယပ်စ် ရိုဒရီဂို ဟိုဆယ်လူ ဒီယက်ဇ်တို့ ရှိနေပြီး ဟိုဆယ်လူက အသင်းမှာ ဆက်ရှိမရှိ မသေချာသေးပေမယ့် လာမယ့်ရာသီမှာ ရီးယဲလ်တိုက်စစ်ကို ဘာပေနဲ့ အန်းဒရစ်ခ်တို့ပါ ထပ်မံ ရောက်ရှိလာတော့မှာပဲ ဖြစ်ပါတယ်။

Photo Credit : Marca

ဒါ့အပြင် ဒီရာသီမှ ဒေါ့မွန်ကနေ ပြောင်းရွှေ့လာခဲ့တဲ့ ဘယ်လင်ဟမ်ကလည်း ကွင်းလယ်ထက် တိုက်စစ်မှာသာ ပိုမို ခြေစွမ်းပြနေတာကြောင့် ရီးယဲလ်နည်းပြကြီး အန်ဆယ်လော့တီအနေနဲ့ လာမယ့်ရာသီမှာ အသင်းတိုက်စစ်ပိုင်း ပွဲထွက်ကစားသမား ရွေးချယ်ဖို့အတွက် ခေါင်းခဲရတော့မယ်လို့ ရိုဒရီဂိုက သုံးသပ်လိုက်ပါတယ်။

“ကျွန်တော် ဘာပေနဲ့ပတ်သက်ပြီး သေချာတော့ မသိထားပါဘူး။ ဒါပေမယ့် လူတိုင်းက ပြောဆိုနေကြတာဆိုတော့ ဒီကို ရောက်လာဖို့ နီးစပ်နေပြီလို့ ထင်မိပါတယ်။ အဲ့လိုပဲ ယုံကြည်ထားတယ်။ ကျန်တာကတော့ ဘာတွေဆက်ဖြစ်လာမလဲဆိုတာ ကျွန်တော် မပြောတက်ပါဘူး။”

Photo Credit : Marca

“နောက်ရာသီမှာသာ သူရောက်လာမယ်ဆိုရင်တော့ နည်းပြကြီးအတွက် ပြသာနာ ရှိလာနိုင်တယ်။ ကောင်းမွန်တဲ့ ပြသာနာပေါ့။ ကစားသမား ရွေးချယ်တာနဲ့ ပတ်သက်ပြီး ခေါင်းခြောက်ရတာမျိုး။ ဒါနဲ့ ပတ်သက်ပြီး ကျွန်တော်ကတော့ အေးအေးဆေးဆေးပါပဲ။”

“ကျွန်တော် ဘာကိုမှလည်း တွေးမနေပါဘူး။ လက်ရှိ ဘောလုံးရာသီမှာ အကောင်းဆုံးပုံစံနဲ့ ရာသီပိတ်သိမ်းနိုင်ဖို့အတွက်ရယ် ဆုဖလားတွေကို ရသလောက် ယူဆောင်သွားဖို့အတွက်ရယ်ကိုပဲ ကျွန်တော် အာရုံစိုက်ထားပါတယ်။” လို့ ရိုဒရီဂိုက ပြောဆိုသွားခဲ့ပါတယ်။