မန်ချက်စတာယူနိုက်တက်အသင်းဟာ အသင်းရဲ့ ဂိုးသမား ဒေးဗစ်ဒီဟေးယားကို နောက်ထပ် စာချုပ်သစ်တစ်ရပ်နဲ့ ကမ်းလှမ်းထားပြီး ဒီကမ်းလှမ်းမှုကို ဒီဟေးယားဘက်ကသာ လက်မခံခဲ့ရင်တော့ အင်တာရဲ့ ကင်မရွန်း ဂိုးသမား အန်ဒရေအိုနာနာနဲ့ အစားထိုးသွားမယ်လို့ သိရှိရပါတယ်။
Photo Credit : Sky Sports
မန်ယူနိုက်တက်အသင်းဟာ စပိန် ဂိုးသမား ဒီဟေးယားအတွက် ကနဦး စာချုပ် ကမ်းလှမ်းမှုတစ်ရပ်ကို ပြုလုပ်ထားရင်း ဒီဟေးယားဘက်ကလည်း ဒီကမ်းလှမ်းမှု လက်ခံထားခဲ့ပေမယ့် ယူနိုက်တက်က ဒီကမ်းလှမ်းမှုုကို ပြန်လည် ရုတ်သိမ်းခဲ့ပြီး ပထမ ကမ်းလှမ်းထားမှုထက် လစာပမာဏ နည်းပါးစွာနဲ့ ပြောင်းလဲ ကမ်းလှမ်းခဲ့တယ်လို့ The Athletic သတင်းဌာနကနေ ဖော်ပြလာခဲ့ပါတယ်။ ဒီလို ပြောင်းလဲ ကမ်းလှမ်းမှုကြောင့် ဒီဟေးယားဘက်က လက်ခံသွားဖို့ ပြန်လည် စဉ်းစားနေရပြီဖြစ်ပြီး ဒီဟေးယားနဲ့ ယူနိုက်တက်တို့ရဲ့ စာချုပ်အခြေအနေကိုလည်း ဆော်ဒီကလပ်တွေဘက်က စောင့်ကြည့်လျက် ရှိနေပါတယ်။
Photo Credit : Football Transfer
တကယ်လို့ ဒီဟေးယားသာ ယူနိုက်တက်ရဲ့ စာချုပ်ကမ်းလှမ်းမှုကို လက်မခံနိုင်ခဲ့ဘူးဆိုရင်တော့ ယူနိုက်တက်က ဒီဟေးယားနေရာမှာ အေဂျက်စ် ဂိုးသမားဟောင်း အိုနာနာနဲ့ ပြန်လည် အစားထိုးသွားမယ်လို့ သိရပါတယ်။ လက်ရှိ အင်တာမီလန်အသင်းရဲ့ ဂိုးသမား အိုနာနာဟာ အသင်းဟောင်း အေဂျက်စ်မှာ နည်းပြ အဲရစ်တန်ဟက်ဂ်နဲ့ အတူ လက်တွဲခဲ့ဖူးတာဖြစ်ပြီး တန်ဟက်ဂ်ကလည်း အိုနာနာရဲ့ big fan တစ်ဦး ဖြစ်တယ်လို့ သိရှိရပါတယ်။
Photo Credit : Livescore
ဒါ့အပြင် အီတလီကနေ ထွက်ပေါ်ထားတဲ့ သတင်းတွေအရ ပြီးခဲ့တဲ့ တနင်းလာနေ့တုန်းက အင်တာရဲ့ အားကစား ဒါရိုက်တာဖြစ်သူကိုယ်တိုင် အင်္ဂလန်ကို ရောက်ရှိလာပြီး အိုနာနာရဲ့ အပြောင်းအရွှေ့အတွက် ယူနိုက်တက်နဲ့ ဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။ ဒါ့အပြင် အင်တာက အိုနာနာ နေရာအတွက် ပီအက်စ်ဂျီ ဂိုးသမား ကေလာနာဗက်စ်နဲ့ အစားထိုးဖို့ပါ စီစဉ်လို့နေပြီး ယူနိုက်တက်ကလည်း အိုနာနာအတွက် ယူရို သန်း(၅၀)နဲ့ ကမ်းလှမ်းသွားဖို့ပါ ပြင်ဆင်နေပြီ ဖြစ်ပါတယ်။