ဘိုင်ယန်မြူးနစ်အသင်းနဲ့ လက်ရှိနည်းပြ သောမတ်စ် တူဟယ်လ်တို့ဟာ ဒီရာသီအကုန်မှာပဲ လမ်းခွဲကြမှာဖြစ်ပြီး လက်ရှိမှာလည်း ဘိုင်ယန်က တူဟယ်လ်နေရာအတွက် ဇာဘီ အလွန်ဆိုနဲ့ အစားထိုးဖို့ ပြင်ဆင်နေချိန်မှာပဲ ရီးယဲလ်နည်းပြဟောင်း ဇီနဒင် ဇီဒန်းနဲ့ပါ သတင်းတွေ တဖန် ပြန်လည် ထွက်ပေါ်လာခဲ့ပြန်ပါတယ်။

ဘိုင်ယန်ဟာ ဒီရာသီ လေဗာကူဆင်နဲ့အတူ ရှယ်ကြမ်းပြနေတဲ့ နည်းပြအလွန်ဆိုကို နည်းပြသစ်အဖြစ် ခန့်အပ်ဖို့ ပြင်ဆင်ထားပြီး ဆွေးနွေးမှုတွေ လုပ်ဆောင်နေပြီလို့ Sky Germany ကနေ ဖော်ပြထားပေမယ့်လည်း သတင်းတွေက အတည်ပြုလို့ မရနိုင်သေးသလို ဘိုင်ယန်အနေနဲ့ကလည်း နည်းပြသစ်တစ်ဦးကို ဆက်လက် ရှာဖွေနေဆဲသာ ဖြစ်နေပါတယ်။

Photo Credit : France24

တကယ်လို့ အလွန်ဆိုကို နည်းပြသစ်အဖြစ် ခန့်အပ်ဖို့က ထင်ထားတာထက် ပိုမို ခက်ခဲလာခဲ့မယ်ဆိုရင်တော့ လက်ရှိ ဘယ်အသင်းကိုမှ ကိုင်တွယ်နေခြင်း မရှိတဲ့ နည်းပြ ဇီဒန်းကိုပဲ ဘိုင်ယန်ဘက်က ခန့်အပ်သွားနိုင်တယ်လို့ ဂျာမနီ နာမည်ကြီးသတင်းစာ Blid ကနေ ဖော်ပြလာခဲ့ပါတယ်။

ရီးယဲလ်မက်ဒရစ်အသင်းကို ချန်ပီယံလိဂ်ဖလား (၃)နှစ်ဆက်တိုက် ရယူပေးနိုင်ခဲ့တဲ့ နည်းပြ ဇီဒန်းဟာ ရီးယဲလ်အသင်းကိုသာ (၂)ကြိမ် ကိုင်တွယ်ခဲ့ဖူးတဲ့ အတွေ့အကြုံသာ ရှိပေမယ့်လည်း ဘောလုံးသမားဘဝကတည်းက နည်းစနစ်ပိုင်း ပိုင်နိုင်သူဖြစ်တဲ့ သူ့ကို အသင်းတော်တော်များများက လိုချင်နေကြပါတယ်။

Photo Credit : Sky News

အဲ့ဒီအထဲမှာ မန်ချက်စတာ ယူနိုက်တက်အသင်းက ထိပ်ဆုံးက ရှိနေပြီး ဇီဒန်းကို သူတို့အသင်းရဲ့ နည်းပြအဖြစ် ခန့်အပ်ချင်နေပေမယ့်လည်း ဇီဒန်းကိုယ်တိုင်က အင်္ဂလန်ကလပ်အသင်းတွေမှာ နည်းပြလုပ်ဖို့ စိတ်မဝင်စားတာကြောင့် ယူနိုက်တက် နည်းပြဖြစ်လာဖို့က ရာခိုင်နှုန်း အရမ်းနည်းလွန်းပါတယ်။

ဒါပေမယ့်လည်း ဇီဒန်းက ဘိုင်ယန်နည်းပြရာထူးကိုတော့ စိတ်ဝင်စားမှုတွေ ရှိနေပြီး တူဟယ်လ်နေရာ အစားဝင်ဖို့လည်း ဆန္ဒရှိနေရာ ဘိုင်ယန်အနေနဲ့ အလွန်ဆိုကို ကြိုးပမ်းမှု အဆင်မပြေလာခဲ့ရင်တော့ ရီးယဲလ်နည်းပြဟောင်း ဇီဒန်းကိုသာ အသင်းနည်းပြသစ်အဖြစ် တာဝန်ပေးဖွယ်လည်း ရှိလာနိုင်ပါတယ်။