တူရကီ ထိပ်သီးကလပ် ဂါလာတာစာရေးရဲ့ ရှေ့နေတဦးက သူ့ရဲ့ ကစားသမားဟာ လာလီဂါ ထိပ်သီးကလပ် ရီးရဲလ်မက်ဒရစ်ဆီ ပြောင်းရွှေ့ဖို့ ဆွေးနွေးမှုတွေ လုပ်နေကြောင်း အတည်ပြု ပြောကြားလာခဲ့ပါတယ်။

အသက် ၃၀ အရွယ် အာဂျင်တီးနား တိုက်စစ်မှူး မော်ရို အီကာဒီက ပီအက်စ်ဂျီကနေ ဂါလာတာစာရေးဆီ ပြောင်းရွှေ့ပြီးနောက် အသင်းရဲ့ မရှိမဖြစ် တိုက်စစ်မှူး အဖြစ် ခြေစွမ်းကောင်းတွေ ပြသထားသူ ဖြစ်ပြီး သူက ယခုနှစ် ဘောလုံးရာသီမှာ ဂါလာတာစာရေး အတွက် ပြိုင်ပွဲစုံ ၂၁ပွဲ ပါဝင် ကစားပေးထားရာ သွင်းဂိုး ၁၆ဂိုး သွင်းယူထားနိုင်သလို ဂိုးဖန်တီးမှု ၅ကြိမ် ရရှိထားပါတယ်။

Photo Credit: Standard

အီကာဒီက ဂါလာတာစာရေးဆီ ယခုနှစ် ဘောလုံးရာသီ အစကမှ အပြီးသတ် ပြောင်းရွှေ့လာခဲ့သူ ဖြစ်ပေမယ့် သူ့ရဲ့ ကစားသမားဘဝ အကောင်းဆုံး ခြေစွမ်းကို ပိုင်ဆိုင်ထားချိန်မှာ ဥရောပ ထိပ်သီးအသင်းတွေဆီ ပြောင်းရွှေ့ဖို့ စိတ်ဝင်စားနေပြီး လာမယ့် ဆောင်းဈေးကွက်မှာ အသင်းပြောင်းဖို့ ကြိုးစားနေပါတယ်။

တဖက်မှာတော့ ရီးရဲလ်မက်ဒရစ်က ဟိုဆီလူ ၊ ဗင်နီးစီးယပ်စ် ၊ ရိုဒရီဂို ၊ ဂူလာ ၊ ဒီယက်ဇ် စတဲ့ တိုက်စစ်ကစားသမားတွေကို ပိုင်ဆိုင်ထားပေမယ့် ဟိုဆီလူနဲ့ ဒီယက်ဇ်တို့ကလွဲရင် ကျန်တဲ့ ကစားသမား ၃ဦးစလုံးက ပြဿနာတွေကြောင့် ကာလရှည် အနားယူရဖို့ ရှိနေပါတယ်။

Photo Credit: Turkey Football

ဒါကြောင့်ပဲ ရီးရဲလ်မက်ဒရစ်ရဲ့ တာဝန်ရှိသူတွေက လာမယ့် ဆောင်းဈေးကွက်မှာ တိုက်စစ်မှူး ၁ဦးကို ခေါ်ယူဖို့ ဆုံးဖြတ်ထားပြီး ဂါလာတာစာရေးနဲ့ တောက်ပနေတဲ့ အီကာဒီဟာ သူတို့ရဲ့ နံပါတ်တစ် ပစ်မှတ်ပဲ ဖြစ်ပါတယ်။

အီကာဒီရဲ့ ရှေ့နေကတော့ သူဟာ အီကာဒီရဲ့ အပြောင်းအရွှေ့ အတွက် ရီးရဲလ်မက်ဒရစ်နဲ့ တွေ့ဆုံ ဆွေးနွေးမှုတွေ လုပ်နေကြောင်း နောက်ဆုံး ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ဖွင့်ဟ ပြောဆိုလာပါတယ်။ အီကာဒီရဲ့ ရှေ့နေက – “ကျွန်တော်က အခု မက်ဒရစ်မြို့မှာ ရောက်နေပါတယ်။ အခုချိန်အထိ ရီးရဲလ်မက်ဒရစ်က အီကာဒီ အတွက် တရားဝင် ကမ်းလှမ်းမှုရော ၊ တရားမဝင် ကမ်းလှမ်းမှုပါ မလုပ်ရသေးပါဘူး။ ဒါပေမယ့် ကျွန်တော်တို့က ရီးရဲလ်မက်ဒရစ်ရဲ့ တာဝန်ရှိသူတွေနဲ့ (အပြောင်းအရွှေ့ အတွက်) ဆွေးနွေးနေကြပါတယ်” လို့ ထုတ်ဖော် ပြောကြားသွားခဲ့တာပါ။