နတ်ဘုရားကြီးလို့ တင်စားခေါ်ဆိုခံထားရသူ ဆွီဒင် ဝါရင့် ကစားသမားကြီး ဇလာတန် အီဘရာဟီမိုဗစ်က သူဟာ စမ်းသပ်ခံစရာ မလိုအပ်တဲ့ ကစားသမားကောင်းတစ်ဦးဖြစ်လို့ အာဆင်နယ်အသင်းဆီ မပြောင်းရွှေ့ဖြစ်ခဲ့တာလို့ ထုတ်ဖော် ပြောကြားသွားခဲ့ပါတယ်။

ကစားသမားဘဝအတွင်း အေဂျက်စ် ဘာစီလိုနာ ဂျုဗင်တပ်စ် အင်တာမီလန် အေစီမီလန် ပီအက်စ်ဂျီ မန်ယူနိုက်တက်တို့လို ဥရောပ ထိပ်တန်း ကလပ်အသင်းကြီးတွေမှာ ပါဝင်ကစားခဲ့ဖူးသူ မိုဗစ်ဟာ ဒီနှစ်နွေကမှ ဘောလုံးသမားဘဝကနေ အနားယူထားတာပဲ ဖြစ်ပါတယ်။

Photo Credit : CaughtOffside

အသက် (၄၀)ကျော်ချိန်အထိ ဘောလုံးသမားဘဝကို အကောင်းဆုံး ဖြတ်သန်းနိုင်ခဲ့သလို စကားကြီး စကားကျယ် ပြောဆိုတက်မှုတွေကြောင့် လေနတ်ဘုရားကြီးလို့ပါ လှောင်ပြောင်ခံထားရတဲ့ မိုဗစ်ဟာ အခုလည်း သူ့လို ပွဲရှာတက်သူ တစ်ဦးဖြစ်တဲ့ ပီယာ့စ် မော်ဂန်နဲ့ အင်တာဗျူးလုပ်ရင်း အာဆင်နယ်အသင်းအကြောင်း ပြောဆိုလာပါတယ်။

“ဝင်းဂါးက ကျွန်တော့်ကို အာဆင်နယ်အသင်းဆီ ဖိတ်ခေါ်ခဲ့ပေမယ့် ကျွန်တော်ကတော့ အာဆင်နယ်ကို မသွားခဲ့ပါဘူး။ ကျွန်တော်က စမ်းသပ်ခံစရာ မလိုပါဘူး။ မဟုတ်ဘူး။ ဒါကို ခင်ဗျား နားမလည်ဘူး။ ကျွန်တော်က သောက်ရမ်းကောင်းတဲ့ ကစားသမား ဖြစ်နေတာမို့ ဘာစမ်းသပ်ခံစရာမှ မလိုပါဘူး။” လို့ မိုဗစ်က မော်ဂန်ရဲ့ Uncensored အစီအစဉ်မှာ ပြောဆိုသွားခဲ့ပါတယ်။

Photo Credit : Belfast Telegraph

ဒီလို ပြောဆိုမှုကို မိုဗစ်က Sky Sports Italia သတင်းမီဒီယာနဲ့ အင်တာဗျူးစဉ်အတွင်းမှာလည်း ဖြေဆိုခဲ့ဖူးပါသေးတယ်။ “ကျွန်တော် အာဆင်နယ်မှာ ခြေစွမ်းပိုင်း စမ်းသပ်ဖို့အတွက် ဝင်းဂါးနဲ့ ချိန်းဆိုရင်း လန်ဒန်ကို သွားခဲ့ပါသေးတယ်။ ဒါပေမယ့် ကျွန်တော် သူ့ကို ပြောခဲ့ပါတယ်။ ကျွန်တော် စမ်းသပ်တာမျိုးတွေ လုပ်မှာ မဟုတ်ဘူးလို့။”

“ကျွန်တော့်ကို ခေါ်သည်ဖြစ်စေ မခေါ်သည်ဖြစ်စေ ကျွန်တော် ဒီမှာ အချိန်ဖြုန်းမှာ မဟုတ်ဘူး။” လို့ ပြောဆိုခဲ့ကြောင်း ပြန်လည် ရှင်းပြသွားခဲ့ပါတယ်။ မိုဗစ်က အသက် (၁၇)နှစ်အရွယ်မှာ အာဆင်နယ်အသင်းဆီ ပြောင်းရွှေ့ဖို့ ငြင်းဆန်ခဲ့တာနဲ့ ပတ်သက်ပြီး အခုလိုတွေ ပြောဆိုလာခဲ့တာပဲ ဖြစ်ပါတယ်။