ပီအက်စ်ဂျီအသင်းက တနင်္ဂနွေနေ့က ကစားခဲ့တဲ့ ကလပ်ကမ္ဘာ့ဖလား ၁၆ သင်းအဆင့် ရှုံးထွက်ပွဲစဉ်မှာ အင်တာ မိုင်ယာမီအသင်းကို ပထမပိုင်းမှာတင် သွင်းယူခဲ့တဲ့ ဂိုးတွေနဲ့ ၄-၀ ဆိုတဲ့ ရလဒ်နဲ့ ဂိုးပြတ်အနိုင်ယူသွားခဲ့ပါတယ်။

ဒီရလဒ်ဟာ အင်တာ မိုင်ယာမီအသင်းနဲ့ လီယွန်နယ် မက်ဆီအတွက် အရှက်တကွဲဖြစ်စရာလားလို့ မေးမြန်းခဲ့ရာမှာတော့ တိုက်စစ်မှူးဟောင်း ဇလာတန် အီဘရာဟီမိုဗစ်က မက်ဆီကို အကာအကွယ်ပေးရင်း အသင်းကို ပြင်းပြင်းထန်ထန် ဝေဖန်သွားခဲ့ပါတယ်။

Photo Credit : Instagram

“မက်ဆီ ရှုံးနိမ့်တာလား? ဟား…ဟား…၊ ဒီရှုံးပွဲကို သူ့အမှားလို့ လုံးဝမပြောပါနဲ့။ ရှုံးတာ မက်ဆီမဟုတ်ဘူး၊ အင်တာ မိုင်ယာမီပဲ ရှုံးတာ။ ဒီအသင်းကို မြင်တယ်မလား? မက်ဆီက အသင်းဖော်တွေနဲ့ ကစားနေရတာမဟုတ်ဘူး။ ရုပ်တုတွေကြားထဲမှာ ကစားနေရတာ။ သာမန်အားဖြင့် သူသာ ပဲရစ်မှာ၊ မန်ချက်စတာမှာ၊ ဒါမှမဟုတ် တခြားဘယ်အသင်းကြီးမှာမဆို ကစားနေမယ်ဆိုရင် ခြင်္သေ့အစစ်ကို ခင်ဗျားတို့ မြင်တွေ့ရမှာပဲ။”

ဆွီဒင်တိုက်စစ်မှူးဟောင်းက Foot Mercato ကို ဆက်လက်ပြောကြားရာမှာ “မက်ဆီက ဘောလုံးကစားရတာကို ချစ်လို့၊ ၉၉% သော ကစားသမားတွေ မလုပ်နိုင်တဲ့အရာတွေကို သူလုပ်ပြနိုင်သေးလို့သာ ဆက်ကစားနေတာ။ ဒါပေမဲ့ သူ့ပတ်လည်မှာ ဘိလပ်မြေအိတ်တွေထမ်းပြီး ပြေးနေရသလိုဖြစ်နေတဲ့ ကစားသမားတွေနဲ့ ဝန်းရံခံထားရတယ်။ နည်းပြကောင်းမရှိ ကြယ်ပွင့်ကစားသမားမရှိ ဘောလုံးမရှိဘဲ ဘယ်လိုနေရာယူရမယ်ဆိုတာ နားလည်တဲ့ ကစားသမားတောင်မရှိဘူး။ ဒီလိုအခြေအနေမှာ ခင်ဗျားက မက်ဆီကို အပြစ်တင်ချင်တာလား?”

Photo Credit : Instagram

“သူသာ ရော်နယ်ဒို အမ်ဘာပေ ဟာလန်းဇလာတန်တို့နဲ့ တွဲကစားနေမယ်ဆိုရင်တော့ ခင်ဗျားတို့ စကားပြောလို့ရတယ်။ ဒါပေမဲ့ ဒီနေ့အခြေအနေမှာတော့ လုံးဝပဲ။ ဒါ ကျွန်တော်သိတဲ့ မက်ဆီမဟုတ်ဘူး။ သူက ဆပ်ကပ်ပွဲထဲမှာ ကစားနေတဲ့ သရဲတစ္ဆေကြီးတစ်ကောင်လိုပဲ။ ဒါပေမဲ့ သတိထားပါ၊”

“သူ့ကိုသာ အသင်းကောင်းတစ်သင်းပေးလိုက်ရင် အားကစားကွင်းကို မီးလောင်တိုက်သွင်းပစ်လိမ့်မယ်။ ဘာလို့လဲဆိုတော့ ရှင်းရှင်းလေးပဲ။ မက်ဆီကတော့ မက်ဆီပါပဲ။ ဒါပေမဲ့ ဒီနေ့လား? ဒါက သူ့ရဲ့ရှုံးနိမ့်မှုမဟုတ်ဘူး။ ဒါဟာ အင်တာ မိုင်ယာမီနဲ့ ဘောလုံးအားကစားရဲ့ ရှုံးနိမ့်မှုပါပဲ။” လို့ အီဘရာဟီမိုဗစ်က သူ့ရဲ့ထုံးစံအတိုင်း ပြတ်ပြတ်သားသား ပြောကြားသွားခဲ့ပါတယ်။