ဘာစီလိုနာအသင်းရဲ့ စပိန်ကွင်းလယ်ကစားသမား ပတ်ဒရီက ဘာလွန်းဒေါဆုလို တစ်ဦးချင်း ဆုတံဆိပ်တွေထက် အသင်းနဲ့အတူ ဆုဖလားတွေ ရယူနိုင်ဖို့ကိုသာ ဦးစားပေး အလိုရှိနေကြောင်းနဲ့ ဒီရာသီမှာလည်း Treble Champions တွေ ဖြစ်ချင်ကြောင်း ထုတ်ဖော် ပြောကြားသွားခဲ့ပါတယ်။

ဒီနှစ်ဘောလုံးရာသီမှာ ပတ်ဒရီဟာ နည်းပြဟန်ဇီ ဖလစ်ခ်ရဲ့ အသင်းအတွက် အဓိက ကစားသမားတစ်ဦး ဖြစ်နေခဲ့သလို ဘာစီလိုနာအသင်းဟာလည်း လာလီဂါ အမှတ်ပေးဇယားရဲ့ ထိပ်ဆုံးနေရာမှာ ရပ်တည်နေသလို ကိုပါဒယ်လ်ရေးပြိုင်ပွဲမှာပါ ဆီမီးဖိုင်နယ်အဆင့်ထိ တက်လှမ်းထားပါတယ်။ ဒါ့အပြင် ချန်ပီယံလိဂ်မှာလည်း ကွာတားထိ တက်လှမ်းထားပြီး ကွာတားမှာ ဒေါ့မွန်နဲ့ တွေ့ဆုံနေပါတယ်။

Photo Credit : FC Barcelona Noticias

လက်ရှိ ဘာစီလိုနာအသင်းရဲ့ အနေအထားအရဆိုရင် အမှတ်ပေးဖလားရော ပြည်တွင်းဖလားရော ဥရောပဖလားကိုပါ တစ်ရာသီအတွင်း Treble ရယူနိုင်မယ့် အခြေအနေမှာ ရှိနေတာဖြစ်ပြီး တကယ်လို့ အဲ့ဒီလိုသာ အောင်မြင်ခဲ့မယ်ဆိုရင် ဘာစီလိုနာရဲ့ ကစားသမားတွေထဲကမှ ရာဖင်ဟာ ယာမားလ် ပတ်ဒရီတို့လည်း ဘာလွန်းဒေါဆုအတွက် မျှော်လင့်ချက်တွေ ရှိလာနိုင်ပါတယ်။

ဒါပေမယ့် အသက်(၂၂)နှစ်အရွယ် စပိန်လက်ရွေးစင် ကွင်းလယ်လူ ပတ်ဒရီကတော့ ဘာလွန်းဒေါဆုထက် ဘာစီလိုနာနဲ့အတူ ဆုဖလားတွေ များစွာကိုသာ ဆွတ်ခူးသွားချင်တယ်လို့ ဖွင့်ဟသွားခဲ့ပါတယ်။ “ကျွန်တော်ကတော့ ဘလွန်းဒေါ ရဖို့ထက် Treble (ဖလား၃လုံး)ကိုသာ ပိုပြီး လိုချင်ပါတယ်။ ဘလွန်းဒေါ ရရင်လည်။း အသင်းနဲ့ ဖလားတွေအတူ ရလာတာမျိုး ဖြစ်ချင်တယ်။”

Photo Credit : Barca News Network

“ဘာလွန်းဒေါရဲ့ ဆန်ခါတင်စာရင်းမှာ ပါတာက အိပ်မက်တစ်ခုပါ။ ဒါပေမယ့် ဖလားတွေ ရယူနိုင်တာကသာ ကျွန်တော့်အတွက် ပိုအရေးကြီးတယ်။ အခု ကျွန်တော်တို့ အကုန်လုံး အန္တရာယ်ရှိတဲ့ အချိန်မှာ ရှိနေတယ်။ ပွဲ (၃)ပွဲလောက် ရှုံးလိုက်တာနဲ့ ဖလား(၃)လုံးလုံးကို လက်လွှတ်သွားရနိုင်တယ်။” လို့ ပတ်ဒရီက ပြောသွားခဲ့ပါတယ်။

တစ်ဖက်မှာ ရီးယဲလ်ကလည်း ဘာစီလိုနာလိုပဲ Treble လမ်းကြောင်းမှာ ရှိနေပြီး ဒီနှစ်သင်းလုံးဟာ Treble အတွက်ပါ အပြိုင်အဆိုင် ယှဉ်ပြိုင်သွားရဖို့ ရှိနေပါတယ်။ ချန်ပီယံလိဂ်နဲ့ ကိုပါဒယ်လ်ရေးပြိုင်ပွဲတွေရဲ့ ဖိုင်နယ်အဆင့်မှာ ထိပ်တိုက် ရင်ဆိုင်ရဖို့ ရှိနေသလို လာလီဂါမှာလည်း အကြိတ်အနယ် ယှဉ်ပြိုင်ရဖွယ် ရှိနေပြန်ပါတယ်။