မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ တိုက်စစ်ကစားသမားလေး ရတ်မတ်စ် ဟွိုင်လန်းက ပွဲစဉ်အများစုမှာ သူကိုယ်တိုင်ရော သူရဲ့ ယူနိုက်တက်အသင်းဖော်တွေရဲ့ ဂိုးသွင်း အဆုံးသတ် စွမ်းရည်တွေက ပိုပြီး ကောင်းမွန်လာသင့်တယ်လို့ ဝန်ခံ ပြောကြားသွားခဲ့ပါတယ်။

အသက် (၂၁)နှစ်အရွယ် ဒိန်းမတ် လက်ရွေးစင် တိုက်စစ်မှူး ဟွိုင်လန်းက ဒီရာသီမှ အတ္တလန်တာကနေ ယူနိုက်တက်အသင်းဆီကို ရောက်ရှိလာခဲ့တာဖြစ်ပြီး အခုဆိုရင် ယူနိုက်တက်အတွက် ပွဲပေါင်း (၃၀) ကစားထားပြီးချိန် စုစုပေါင်း (၁၃)ဂိုးအထိ သွင်းယူထားကာ (၂)ဂိုး ဖန်တီးပေးထားနိုင်ခဲ့ပါတယ်။

Photo Credit : Football365

ဟွိုင်လန်းက ယူနိုက်တက်ဆီ ရောက်ရှိလာချိန်မှာ ချန်ပီယံလိဂ် ပြိုင်ပွဲအတွင်းမှာသာ ဂိုးတွေ ဆက်တိုက် သွင်းယူနိုင်ခဲ့ပေမယ့် ပရီးမီးယားလိဂ်မှာတော့ ဂိုးသွင်းနိုင်ဖို့ ရုန်းကန်ရပြီး ပွဲစဉ် (၁၉)မှသာ စတင် သွင်းယူနိုင်ခဲ့တာလည်း ဖြစ်ပါတယ်။ အခုဆို ဟွိုင်လန်းက ပရီးမီးယားလိဂ်မှာလည်း (၇)ဂိုးအထိတောင် သွင်းယူနိုင်ခဲ့ပြီပဲ ဖြစ်ပါတယ်။

ဟွိုင်လန်းက လက်ရှိမှာ ပရီးမီးယားလိဂ်ပြိုင်ပွဲ (၆)ပွဲဆက်တိုက်အထိ ဂိုးသွင်းယူပြီး ပရီးမီးယားလိဂ်မှာ (၆)ပွဲဆက် ဂိုးသွင်းနိုင်တဲ့ အသက်အငယ်ဆုံး စံချိန်သစ်ကိုပါ ရယူထားနိုင်ခဲ့ပေမယ့် သူရဲ့ ယူနိုက်တက်အသင်းကတော့ ပွဲစဉ်တိုင်းလိုလိုမှာ ဂိုးရနိုင်မယ့် အခွင့်အရေးတွေကို အသုံးမချနိုင်ပဲ ဖြစ်နေရပါတယ်။

Photo Credit : NDTV Sports

ဒီအခြေအနေနဲ့ ပတ်သက်ပြီး ဟွိုင်လန်းက “ကျွန်တော့်မှာ ခံစားချက်တွေက ရောထွေးနေရပါတယ်။ လူတန်နဲ့ပွဲမှာ အနိုင် (၃)မှတ်ကို ရရှိခဲ့လို့ အလွန် ပျော်ရွှင်ရပေမယ့်လည်း ကျွန်တော်ကတော့ ကျွန်တော်ကိုယ်တိုင်ရော အသင်းဖော်တွေပါ ဂိုးတွေ သွင်းယူဖို့ လိုအပ်တယ်လို့ ထင်မိပါတယ်။” လို့ ပြောဆိုသွားခဲ့ပါတယ်။

ယူန်ိုက်တက်အသင်းဟာလည်း မနေ့က လူတန်တောင်းအသင်းနဲ့ ပွဲစဉ်မှာ ပွဲကစားချိန် (၇)မိနစ်အတွင်း (၂)ဂိုးပြတ်နဲ့ ဦးဆောင်ထားခဲ့သလို ပွဲချိန် တော်တော်များများမှာလည်း နောက်ထပ် ဂိုးတွေ ရနိုင်လောက်မယ့် အခွင့်အရေးတွေ ရှိခဲ့ပေမယ့် အသုံးမချနိုင်ပဲ (1-2)ဆိုတဲ့ ရလဒ်နဲ့သာ အဆုံးသတ်ခဲ့ရပါတယ်။