မေဂျာလိဂ်ကလပ် အင်တာ မိုင်ယာမီအသင်းရဲ့ အာဂျင်တီးနား စူပါစတား ကစားသမားကြီး လီယွန်နယ် မက်ဆီဟာ ဒဏ်ရာကနေ ပြန်လည် သက်သာလာခဲ့လို့ အသင်းအတွက် ပြန်လည် ကစားပေးခဲ့တဲ့ မေဂျာလိဂ် ပွဲစဉ်မှာပဲ သွင်းဂိုး (၂)ဂိုးတောင် သွင်းယူပေးခဲ့သလို အသင်းကိုလည်း နိုင်ပွဲ ရယူပေးနိုင်ခဲ့ပါတယ်။

တိုက်စစ်ကစားသမားကြီး မက်ဆီဟာ အာဂျင်တီးနားနဲ့ ကိုလံဘီယာအသင်းတို့ ကစားခဲ့ကြတဲ့ ကိုပါအမေရိက ဖိုင်နယ်ပွဲစဉ်မှာပဲ ခြေချင်းဝတ် ဒဏ်ရာရရှိသွားခဲ့ရင်း အဲ့ဒီဒဏ်ရာကြောင့်ပဲ မက်ဆီဟာ မိုင်ယာမီအသင်းရဲ့ ပွဲစဉ်ပေါင်း (၉)ပွဲအထိတောင် ဆက်တိုက် လွဲချော်ခဲ့ရပါတယ်။

Photo Credit : Reuters

အခု စက်တင်ဘာလ အလယ်ပိုင်းမှသာ မက်ဆီက ဒဏ်ရာကနေ ပြန်လည် သက်သာလာခဲ့ရင်း အင်တာ မိုင်ယာမီနဲ့ ဖီလာဒဲလ်ဖီးယား ယူနီယံအသင်းတို့ ပွဲစဉ်ကို ပါဝင်လာခဲ့ရာ အသင်းအတွက် သွင်းဂိုး (၂)ဂိုး သွင်းယူခဲ့တဲ့အပြင် ဆွာရက်ဇ်ရဲ့ ပွဲပြီးခါနီး နာကျင်အချိန်ပို သွင်းဂိုးကိုပါ ဖန်တီးပေးသွားနိုင်ခဲ့ပါတယ်။

အခုလို ဒဏ်ရာကနေ သက်သာပြီးနောက် အသင်းအတွက် ပြန်လည် ကစားပေးတဲ့ ပွဲစဉ်မှာပဲ သွင်းဂိုးတွေ သွင်းယူနိုင်ခဲ့တဲ့အပေါ် မက်ဆီက “ဒီလိုညတွေကို ကျွန်တော် လွမ်းဆွတ် သတိရနေခဲ့တာ။ ကျွန်တော်တို့အသင်းရဲ့ ရည်မှန်းချက်များ အထမြောက်လာဖို့အတွက် အတူတူ ဆက်လက် ပေါင်းစည်းသွားရပါမယ်။” လို့ သူရဲ့ အင်စတာဂရမ်မှာ ရေးသား ဖော်ပြလာခဲ့ပါတယ်။

Photo Credit : myKhel

အခုဆိုရင် မက်ဆီရဲ့ အင်တာ မိုင်ယာမီအသင်းဟာ မေဂျာလိဂ် အရှေ့ပိုင်းဇုန် အမှတ်ပေးဇယားမှာ အဆင့် (၁)နေရာကို အချိန်အတော်ကြာ ရပ်တည်လို့နေပြီး အသင်းသမိုင်းတစ်လျှောက် စံချိန်တင် ရမှတ်ဖြစ်တဲ့ (၆၂)မှတ်အထိ ရယူထားနိုင်ခဲ့ပါတယ်။

ဒါ့အပြင် မက်ဆီကလည်း ဒီရာသီ မေဂျာလိဂ်မှာ မိုင်ယာမီအသင်းအတွက် သွင်းဂိုး (၁၄)ဂိုး သွင်းယူနိုင်ခဲ့ပြီး သွင်းဂိုး (၁၅)ဂိုးအထိတောင် ဂိုးဖန်တီးမှု ပြုလုပ်ထားနိုင်ခဲ့တာကြောင့် လက်ရှိရာသီ မေဂျာလိဂ်ပြိုင်ပွဲရဲ့ ဂိုးပါဝင်ပတ်သက်မှု အများဆုံး ကစားသမားအဖြစ် ရပ်တည်လျက် ရှိနေသလို မက်ဆီရဲ့အသင်းဖော် လူးဝစ် ဆွာရက်ဇ်ဟာလည်း သွင်းဂိုး (၁၇)ဂိုးအထိ သွင်းယူထားနိုင်ခဲ့ပါတယ်။