တော့တင်ဟမ်ဟော့စပါးအသင်းရဲ့ တိုက်စစ်ကစားသမား ဆွန်ဟောင်မင်က အင်တာဗျူး ပြုလုပ်စဉ်အတွင်း သူရဲ့ စပါးအသင်းဖော် တိုက်စစ်မှူး ဟာရီကိန်းနဲ့အတူ တွဲဖက် ကစားရတာက ကံကောင်းတယ်လို့ ဖွင့်ဟ ပြောဆိုသွားခဲ့ပါတယ်။

Photo Credit : Cartliage Free Captain

တောင်ကိုရီးယား စူပါစတား တိုက်စစ်ကစားသမား ဆွန်ဟောင်မင်ဟာ ၂၀၁၅ခုနှစ်မှာ လေဗာကူဆင်ကနေ စပါးအသင်းဆီ ပြောင်းရွှေ့လာကတည်းက အသင်းတိုက်စစ်မှာ ဟာရီကိန်းနဲ့ တွဲဖက် ကစားလာခဲ့ရတာဖြစ်ပြီး ကိန်း-ဆွန် အတွဲအဖက်ကနေလည်း စပါးအသင်းအတွက် သွင်းဂိုးတွေ များစွာပါ ရယူနိုင်ခဲ့ပါတယ်။ ဆွန်ဟောင်မင် နဲ့ ဟာရီကိန်းတို့ဟာ ပြီးခဲ့တဲ့ရာသီတုန်းက စပါးအသင်းအတွက် ပရီးမီးယားလိဂ်မှာ (၂၃)ဂိုး (၁၇)ဂိုး စီ သွင်းယူထားနိုင်ခဲ့ကြပေမဲ့ ဒီရာသီမှာတော့ ကိန်းက (၁၇)ဂိုး သွင်းယူထားပြီး ဆွန်ကတော့ (၄)ဂိုးသာ သွင်းယူနိုင်ခဲ့ပါတယ်။

Photo Credit :  Football London

ဆွန်က ကိန်းနဲ့ တွဲကစားရတာ ကံကောင်းတယ်လို့ ယခင်ကတည်းက ပြောဆိုထားခဲ့ဖူးပြီး အခု ဒါက အပြောင်းအလဲ ဖြစ်သွားပြီလားလို့ မေးမြန်းလာခဲ့ရာ ဆွန်က”မပြောင်းလဲပါဘူး။ ဟာရီနဲ့ တွဲကစားရတာကို ကံကောင်းတယ်လို့ ခံစားနေရတုန်းပါပဲ။ ဘာကြောင့်လဲဆိုတော့ ကျွန်တော်က ဘောလုံးကစားရတာကို နှစ်သက်လို့သာဖြစ်ပြီး ကျော်ကြားချင်တာကြောင့် မဟုတ်ပါဘူး။ ဒီလိဂ်က ကျွန်တော့်ဘဝကို ပြောင်းလဲစေခဲ့ပါတယ်။ ဒါက အခွင့်အရေးကြီး တစ်ခုလိုပါပဲ။ အိမ်မက်ထဲမှာ ရှင်သန်နေရသလိုနဲ့ တစ်ခါတစ်လေမှာလည်း မယုံနိုင်အောင် ဖြစ်မိပါတယ်။ ကျွန်တော် ငယ်ငယ်က ကိုရီးယားမှာ နေထိုင်တုန်း ပရီးမီးယားလိဂ် တံဆိပ်တွေ ပရီးမီးယားလိဂ် သီချင်းတွေနဲ့ ဘောလုံးတွေကပါအစ ကျွန်တော့်အတွက် အားလုံး ထူးခြားနေပါတယ်။ ဒါဟာ လွန်ခဲ့တဲ့ (၂၅)နှစ်က အခြေအနေပါ။ အခုတော့ ကျွန်တော်က ဒီလိဂ်မှာ ကစားနေရပြီး အသင်းအတွက်ကိုလည်း ဘာမဆို ပေးဆပ်နိုင်ပါတယ်။ ဒါပေမဲ့ ဒီ(၅)နှစ်အတွင်းမှာ တကယ်ကို ဘာမှ မပြောင်းလဲခဲ့ပါဘူး။ အလုပ်ကို ကြိုးစားခဲ့တာ ကောင်းကောင်း လုပ်ဆောင်ခဲ့တာတွေပဲ ရှိပါတယ်” လို့ ပြောဆိုသွားခဲ့ပါတယ်။