စပိန် နဲ့ ဘာစီလိုနာအသင်းတို့ရဲ့ နည်းပြဟောင်းဖြစ်သူ လူးဝစ်အင်းနရစ်က သူ့အနေနဲ့ ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ နည်းပြတစ်ဦးအဖြစ် ကျင်လည်သွားချင်ပေမယ့်လည်း လတ်တလောမှာတော့ မဖြစ်လာနိုင်သေးဘူးလို့ ထုတ်ဖော် ပြောဆိုသွားခဲ့ပါတယ်။

Photo Credit : SPORT

အသက် (၅၂)နှစ်အရွယ် ရိုးမားနည်းပြဟောင်းဟာ လာလီဂါ စီးရီးအေတို့မှာသာ နည်းပြအလုပ်ကို လုပ်ကိုင်ခဲ့ဖူးပေမယ့် ပရီးမီးယားလိဂ်မှာတော့ ကလပ်အသင်း တစ်သင်းသင်းကို ကိုင်တွယ်ဖူးခြင်း မရှိသေးပါဘူး။ သူ့လို အတွေ့အကြုံကောင်းတွေ ပိုင်ဆိုင်ထားတဲ့ နည်းပြတစ်ဦးကို ချဲလ်ဆီး စပါးတို့လို ပရီးမီးယားလိဂ် ကလပ်အသင်းတွေက အသင်းနည်းပြအဖြစ် တာဝန်ပေးချင်နေပေမယ့်လည်း အင်းနရစ်ကိုယ်တိုင်ကတော့ အဂ်လန်မှာ နည်းပြအလုပ်ကို လာလုပ်ဖို့ စိတ်ဝင်စားနေသည့်တိုင်အောင် လတ်တလောမှာတော့ မဖြစ်နိုင်သေးဘူးလို့ ပြောဆိုသွားခဲ့ပါတယ်။

Photo Credit : Goal

“ကျွန်တော် အဂ်လန်မှာ အလုပ်လာလုပ်ချင်ပေမယ့် လာမယ့်နွေလောက်အထိတော့ ဖြစ်နိုင်လောက်မယ် မထင်ပါဘူး။ ကျွန်တေယ်က ပရီးမီးယားလိဂ်ရဲ့ ဘယ်အသင်းကိုမဆို ကိုင်တွယ်သွားချင်တာမျိုး မဟုတ်ဘူး။ အရေးကြီးတဲ့ အရာတွေ ခက်ခဲတဲ့ အရာတွေကို လုပ်ဆောင်နိုင်မယ့် အသင်းကိုပဲ ကိုင်တွယ်သွားချင်ပါတယ်။ လက်ရှိမှာလက်ရွေးစင်အသင်းတွေရဲ့ ကမ်းလှမ်းမှုတွေပဲ ရရှိထားပြီး ကလပ်အသင်းတွေရဲ့ ကမ်းလှမ်းမှုတွေက မရှိသေးပါဘူး” အင်းနရစ်က ထုတ်ပြန်ထားခဲ့ပါတယ်။ လက်ရှိမှာတော့ အင်းနရစ်ကို ကွန်တီနဲ့ လက်တွဲဖြုတ်ထားတဲ့ စပါးအသင်းက စိတ်ဝင်အစားဆုံး ဖြစ်နေပြီး အသင်းနည်းပြအဖြစ် ကမ်းလှမ်းဖွယ် ရှိနေပေမယ့် အင်းနရစ်ရဲ့ အခုလို ထုတ်ဖော် ပြောဆိုမှုက စပါးအသင်းရဲ့ သူ့အပေါ် စိတ်ဝင်စားနေမှုကို တစ်ခါတည်း အရှိန်သေသွားအောင် လုပ်ဆောင်လိုက်သလို ဖြစ်နေရပါတယ်။

Photo Credit : SportMax

အင်းနရစ်ဟာ ဘာစီလိုနာအသင်းနဲ့ လက်တွဲဖြုတ်ပြီးနောက်ပိုင်း စပိန်လက်ရွေးစင်အသင်းရဲ့ နည်းပြအဖြစ် ဆောင်ရွက်ခဲ့ရာ ပြီးခဲ့တဲ့ ၂၀၂၂ကာတာကမ္ဘာ့ဖလားပြိုင်ပွဲအတွင်း အသင်းကို (၁၆)သင်း ရှုံးထွက်အဆင့်ဆီသာ ပို့ဆောင်နိုင်ခဲ့ပြီးနောက် အသင်းနည်းပြရာထူးကနေပါ နုတ်ထွက်ခဲ့တာ ဖြစ်ပါတယ်။