ယူကရိန်းရဲ့ လက်ရွေးစင် ကစားသမားဟောင်း တဦး ဖြစ်သလို နည်းပြတဦး အဖြစ်ပါ လုပ်ကိုင်နေတဲ့ ဝါရင့်နည်းပြကြီး ဟို့စနီကတော့ ပရီးမီးယားလိဂ် နာမည်ကြီးကလပ် အာဆင်နယ်က ခေါ်ယူဖို့ ကြိုးစားနေတဲ့ ရှက်တာဒိုးနက်နဲ့ ယူကရိန်း လူငယ်ကြယ်ပွင့် မာဒရစ်ခ်ဟာ ယခုနှစ် ဘောလုံးရာသီ အစကမှ အေဂျက်ကနေ မန်ချက်စတာ ယူနိုက်တက်ထံ ပြောင်းရွှေ့သွားတဲ့ အန်တိုနီလောက် မကောင်းသေးဘူးလို့ ထုတ်ဖော် ပြောကြားသွားခဲ့ပါတယ်။

အသက် ၂၂နှစ် အရွယ် ရှက်တာဒိုးနက်နဲ့ ယူကရိန်း လူငယ်ကြယ်ပွင့် မာဒရစ်ခ်က ယခုနှစ် ဘောလုံးရာသီမှာ ရှက်တာဒိုးနက်ရဲ့ မရှိမဖြစ် ကစားသမား တဦး အဖြစ် ခြေစွမ်းကောင်းတွေ ပြသထားနိုင်သူ ဖြစ်ပြီး သူက ရှက်တာဒိုးနက် အတွက် ပြိုင်ပွဲစုံမှာ ၁၈ပွဲ ဝင်ရောက် ကစားပေးထားရာ ၁၀ဂိုး သွင်းယူနိုင်ခဲ့ကာ ၈ဂိုး ဖန်တီးပေးထားပါတယ်။

Photo Credit: Mirror

တဖက်မှာတော့ အသက် ၂၂နှစ် အရွယ် ဘရာဇီးလ်နဲ့ မန်ချက်စတာ ယူနိုက်တက်ရဲ့ လူငယ်ကြယ်ပွင့် အန်တိုနီက ပြီးခဲ့တဲ့ နွေအပြောင်းအရွှေ့ကမှ အေဂျက်ကနေ မန်ချက်စတာ ယူနိုက်တက်ထံ ပြောင်းရွှေ့ကြေး ယူရို ၁၀၀သန်းနဲ့ ပြောင်းရွှေ့ခဲ့သူ ဖြစ်ပြီး သူက မန်ချက်စတာ ယူနိုက်တက် အတွက် ဒီရာသီမှာ ၁၆ပွဲ ပါဝင် ကစားပေးထားရာ ၅ဂိုး သွင်းယူထားနိုင်ပါတယ်။

မာဒရစ်ခ်နဲ့ အန်တိုနီတို့ရဲ့ စွမ်းဆောင်ရည်ကို ယှဉ်ကြည့်လိုက်ရင် မာဒရစ်ခ်က အသာစီး ရနေတာကို မြင်တွေ့ရမှာ ဖြစ်ပြီး အဲ့ဒီအချက်အလက်ကြောင့်ပဲ ရှက်တာဒိုးနက်ရဲ့ တာဝန်ရှိသူတွေက မာဒရစ်ခ်ဟာ အန်တိုနီထက် ပိုကောင်းတာကြောင့် မာဒရစ်ခ်ကို လိုချင်ရင် အနည်းဆုံး ယူရို ၁၀၀သန်း ပေးရမယ်လို့ ဈေးခေါ်ထားကြတာပါ။

Photo Credit: Mirror

ဒါပေမယ့် ဝါရင့် ယူကရိန်းနည်းပြကြီး ဟို့စနီကတော့ မာဒရစ်ခ်ဟာ အန်တိုနီထက် ပိုကောင်းတယ် ဆိုတဲ့ စကားတွေကို လက်မခံပဲ အန်တိုနီဟာ သူ့ရဲ့ ခြေစွမ်းကို အချိန်အကြာကြီး သက်သေပြထားသူ ဖြစ်ပြီး မာဒရစ်ခ်က ဒီနှစ်မှသာ ခြေစွမ်းကောင်းတွေ ပြသထားနိုင်သူ ဖြစ်တာကြောင့် မာဒရစ်ခ်ဟာ အန်တိုနီလောက် မကောင်းသေးဘူးလို့ သုံးသပ်သွားခဲ့ပါတယ်။

ဟို့စနီက – “ဘယ်အသင်းကမှ မာဒရစ်ခ် အတွက် ပြောင်းရွှေ့ကြေး ယူရို ၁၀၀သန်း ပေးမယ်လို့ မထင်ပါဘူး။ ပြီးတော့ လူတွေက သူ့ကို အန်တိုနီနဲ့ နှိုင်းယှဉ်နေလို့လည်း မရပါဘူး။ အန်တိုနီက အေဂျက်အတွက် အချိန်အကြာကြီး ကစားပေးခဲ့သလို သူ့ရဲ့ ခြေစွမ်းကိုလည်း အေဂျက်နဲ့အတူ သက်သေပြခဲ့တဲ့ ကစားသမားပါ။ မာဒရစ်ခ်ကတော့ အခုချိန်အထိ လူသိများတဲ့ ကစားသမား တယောက် မဖြစ်သေးပါဘူး။ သူက အခုမှ ဥရောပ ဘောလုံးဇာတ်ခုံပေါ် တက်လာတဲ့ လူသစ် တယောက် ဖြစ်ပါတယ်။ မာဒရစ်ခ်က ရှက်တာဒိုးနက်မှာ နိုင်ငံခြားသား ကစားသမားတွေ ရှိနေတုန်းက ပုံမှန် ကစားခွင့်တောင် ရခဲ့တဲ့ ကစားသမားမျိုး မဟုတ်ပါဘူး။ သူက တီတီနဲ့ ဆော်လမွန်တို့ ရှိနေတဲ့ အချိန်မှာ သူတို့ကို ကျော်ပြီး ပုံမှန် ကစားခွင့် ရအောင် မစွမ်းဆောင်နိုင်ခဲ့ပါဘူး” လို့ သူ့ရဲ့ ထင်မြင် ယူဆချက်ကို ပြောကြားသွားခဲ့တာပါ။