နယူးကာဆယ်အသင်းနည်းပြ အက်ဒီဟောင်းက စိန့်ဂျိမ်းစ်ပါ့ခ်မှာ လီဗာပူးလ်အသင်းကို ၂-၃ နဲ့ ရှုံးနိမ့်ခဲ့တဲ့ပွဲစဉ်မှာ အသင်းရဲ့ခြေစွမ်းကို ချီးကျူးခဲ့ပေမယ့် အဓိကကွင်းလယ်ကစားသမားတွေဖြစ်တဲ့ ဂျိုလင်တန်နဲ့ ဆန်ဒရို တိုနာလီတို့ ဒဏ်ရာရရှိသွားခဲ့တဲ့အတွက် အသင်းရဲ့လူစာရင်းအပေါ် စိုးရိမ်မိကြောင်း ဝန်ခံပြောကြားလိုက်ပါတယ်။
ဒီပွဲစဉ်ဟာ အိမ်ရှင်နယူးကာဆယ်အတွက် ဒရာမာဆန်ဆန်နဲ့ နစ်နာမှုတွေများစွာ ကြုံခဲ့ရတဲ့ပွဲတစ်ပွဲ ဖြစ်ခဲ့ပါတယ်။ ပွဲအစမှာ ခြေစွမ်းကောင်းပြသနိုင်ခဲ့ပေမယ့် ရိုင်ယန် ဂရာဗန်ဘတ်ချ်ရဲ့ အဝေးကန်ချက်နဲ့ လီဗာပူးလ်က ဦးဆောင်ဂိုး ရရှိသွားခဲ့ပါတယ်။ ဒါ့အပြင် ဗာဂျေးလ် ဗန်ဒိုက်ခ်အပေါ် ကြမ်းတမ်းစွာ ပြုမူခဲ့မှုအတွက် VAR ပြန်လည်စစ်ဆေးပြီးနောက် အန်သိုနီ ဂေါ်ဒွန် တိုက်ရိုက်အနီကတ်နဲ့ ထုတ်ပယ်ခံခဲ့ရတာကြောင့် သူတို့ရဲ့အလုပ်က ပိုမိုခက်ခဲသွားခဲ့ပါတယ်။ ဒုတိယပိုင်းစပြီး စက္ကန့်(၂၀)အကြာမှာပဲ တစ်ချိန်က နယူးကာဆယ်ရဲ့ ပစ်မှတ်ဖြစ်ခဲ့တဲ့ ဟူဂို အီကီတီကီက လီဗာပူးလ်အတွက် ဒုတိယဂိုးကို သွင်းယူသွားခဲ့ပါတယ်။
Photo Credit : The New York Times
ဒါပေမဲ့ နယူးကာဆယ်အသင်းဟာ တစ်ယောက်လျော့နေပေမယ့် အံ့အားသင့်ဖွယ်ရာ Comeback ပြုလုပ်နိုင်ခဲ့ပြီး ဘရူနို ဂီမာရေးစ်နဲ့ ဝီလီယံ အိုဆူလာတို့ရဲ့ သွင်းဂိုးတွေနဲ့ သရေတစ်မှတ်ရဖို့ နီးစပ်ခဲ့ပါတယ်။ သို့သော်လည်း ပွဲပြီးခါနီး နာကျင်အချိန်ပို မိနစ် (၁၀၀)မှာ အသက် (၁၆)နှစ်အရွယ် လူငယ်ကစားသမားလေး ရီယို နူမိုဟာက လီဗာပူးလ်အတွက် အနိုင်ဂိုးကို သွင်းယူသွားခဲ့တာကြောင့် နယူးကာဆယ်တို့ အမှတ်လက်မဲ့ ဖြစ်ခဲ့ရပါတယ်။
ဒီရှုံးပွဲကြောင့် နယူးကာဆယ်ဟာ လီဗာပူးလ်ကို လိဂ်ပွဲစဉ် (၁၈)ပွဲဆက်တိုက် အနိုင်မရရှိတော့ဘဲ ၂၀၁၅ ခုနှစ် ဒီဇင်ဘာလကတည်းက နိုင်ပွဲပျောက်ဆုံးနေခဲ့တာ ဖြစ်ပါတယ်။ ပွဲပြီးခါနီးမှာ ဂိုးပေးလိုက်ရပြီး ရှုံးနိမ့်ခဲ့ပေမယ့် နည်းပြအက်ဒီဟောင်းကတော့ လူအင်အားမမျှတဘဲ ပြန်လည်တိုက်ပွဲဝင်ခဲ့တဲ့ သူ့အသင်းရဲ့ စိတ်ဓာတ်ကို ချီးကျူးခဲ့ပါတယ်။
Photo Credit : NUFC Blog
“ကျွန်တော်တို့ တကယ်ကောင်းကောင်းကစားနိုင်ခဲ့ပြီး မယုံနိုင်လောက်အောင် ပြန်လည်တိုက်ပွဲဝင်ခဲ့ပေမယ့် တစ်မှတ်ရဖို့အတွက်တော့ အဆုံးမသတ်နိုင်ခဲ့ပါဘူး။ ဒုတိယပိုင်းမှာ (၁၀)ယောက်တည်းနဲ့ ၂-၀ နဲ့ ရှုံးနေချိန်မှာ တောင်ကြီးတစ်လုံးကို တက်ရသလို ခက်ခဲခဲ့ပေမယ့် ပွဲကို ကျွန်တော်တို့ ထိန်းချုပ်ကစားနိုင်ခဲ့တယ်လို့ ထင်ပါတယ်” လို့ သူက BBC ကို ပြောကြားခဲ့ပါတယ်။
ဂေါ်ဒွန်ရဲ့ အနီကတ်နဲ့ပတ်သက်ပြီးတော့လည်း “အန်သိုနီက အားကုန်သုံးပြီး ဝင်ရောက်ခဲ့တာပါ။ သူ ပြန်ဆုတ်ဖို့ကြိုးစားရင်း ချော်ကျသွားပြီး အရှိန်နဲ့ပါသွားတာပါ။ ကြည့်ရတာတော့ မကောင်းပေမယ့် မသမာတဲ့ရည်ရွယ်ချက်တော့ မရှိခဲ့ဘူးလို့ ထင်ပါတယ်” လို့ ဟောင်းက ဆိုပါတယ်။ အင်္ဂလန်လက်ရွေးစင် ဂေါ်ဒွန်ဟာ သုံးပွဲပယ်ပြစ်ဒဏ်ကျခံရမှာဖြစ်ပြီး အခြေအနေကို ပိုဆိုးသွားစေတာကတော့ အဓိကကစားသမားတွေဖြစ်တဲ့ ဂျိုလင်တန်နဲ့ တိုနာလီတို့ပါ ဒဏ်ရာနဲ့ ထွက်ခွာခဲ့ရတာပါပဲ။
“ဂျိုးနဲ့ ဆန်ဒရိုရဲ့ အခြေအနေကိုတော့ ကျွန်တော်မသိသေးပါဘူး။ ကစားသမားတစ်ယောက် ဒဏ်ရာနဲ့ ထွက်သွားရပြီဆိုရင်တော့ အခြေအနေမကောင်းတတ်ပါဘူး။ အထူးသဖြင့် သူတို့နှစ်ယောက်လုံး နာကျင်နေပုံရတာကြောင့် သူတို့သာ မကစားနိုင်ခဲ့ရင် ကျွန်တော်တို့အတွက် ကြီးမားတဲ့ ထိုးနှက်ချက်တစ်ခု ဖြစ်ပါလိမ့်မယ်။ အန်သိုနီကလည်း ပွဲပယ်ခံရမယ်၊ ဖေဘီယန် ရှာကလည်း ဦးခေါင်းထိသွားတယ်။ ဒါကြောင့် အခြေအနေမကောင်းပါဘူး။” လို့ လာမယ့်စနေနေ့ လိဒ်စ်နဲ့ပွဲမတိုင်မီ စိတ်ပျက်စွာ ပြောကြားခဲ့ပါတယ်။