မန်ချက်စတာ ယူနိုက်တက် ၊ အဲဗာတန်နဲ့ အမေရိကန်အသင်းတွေရဲ့ ကစားသမားဟောင်းကြီး ဂိုးသမားဟောင်းကြီးဖြစ်သူ တင်ဟောင်းဝပ်က သူ့အနေနဲ့ လီဗာပူးလ် ဂန္တဝင် နည်းပြဟောင်းကြီး ယာဂန် ကလော့ပ်ကို အမေရိကန် နည်းပြသစ် ဖြစ်လာအောင် စည်းရုံးသိမ်းသွင်းနိုင်တယ်လို့ အံ့အားသင့်ဖွယ် ပြောဆိုလာခဲ့ပါတယ်။

အမေရိကန်ဘောလုံးအသင်းဟာ လက်ရှိ ကျင်းပနေဆဲဖြစ်တဲ့ ၂၀၂၄ ကိုပါအမေရိက ပြိုင်ပွဲကို အိမ်ရှင်အဖြစ် လက်ခံကျင်းပခဲ့ပြီး ဥရုဂွေး ပနားမား ဘိုလစ်ဗီးယားတို့နဲ့ တစ်အုပ်စုတည်း အတူကျရောက်ခဲ့ရင်း ဘိုလစ်ဗီယား တစ်သင်းတည်းကိုသာ အနိုင်ရခဲ့ကာ ပနားမားနဲ့ ဥရုဂွေးတို့ကို ရှုံးနိမ့်ပြီး အုပ်စုအဆင့်နဲ့ပဲ ကျေနပ်ခဲ့ရပါတယ်။

Photo Credit : Daily Mail

ဒီ ကိုပါပြိုင်ပွဲကို အိမ်ရှင်အဖြစ် လက်ခံကျင်းပရာချိန် အမေရိကန်အသင်းမှာ ပူလီဆစ် ဘာလိုဂန် ရောဘတ်ဆန် မက်ကန်နီ ဝီယာတို့လို ကစားသမားကောင်းတွေနဲ့ ရွှေရောင်မျိုးဆက်ကို ရောက်ရှိနေချိန်လည်း ဖြစ်နေရပေမယ့် အခုလို အုပ်စုအဆင့်နဲ့ပဲ ပြိုင်ပွဲကနေ ထွက်ခွာခဲ့ရတာကတော့ အမေရိကန်အတွက် အတော်လေး အထိနာစေခဲ့ရပါတယ်။

ဒါ့အပြင် လက်ရှိ အမေရိကန်နည်းပြ ဘားဟတ်လာရဲ့ အနာဂတ် အခြေအနေကလည်း သိပ်မကောင်းတော့သလို လာမယ့် ၂၀၂၆မှာ ကနေဒါ မက္ကဆီကိုတို့နဲ့အတူ (၃)နိုင်ငံ ပူးတွဲအိမ်ရှင်အဖြစ် ကျင်းပမယ့် ကမ္ဘာ့ဖလားပြိုင်ပွဲကြီးမှာပါ ကိုပါလို အခြေအနေဆိုးမျိုး ထပ်မဖြစ်လာဖို့အတွက် အမေရိကန် ဘောလုံးအဖွဲ့ချုပ်က ကြီးမားတဲ့ ပြင်ဆင်မှုပါ လုပ်ဆောင်လာဖွယ် ရှိနေပါတယ်။

Photo Credit : Daily Mail

ဒီအခြေအနေတွေနဲ့ ပတ်သက်ပြီး အမေရိကန် ဂိုးသမားဟောင်းကြီး တင်ဟောင်းဝပ်က “ကျွန်တော်ကတော့ ကျွန်တော်ရဲ့နိုင်ငံအသင်းအတွက် တက်နိုင်သမျှ ကူညီပေးသွားဖို့ ဆန္ဒရှိပါတယ်။ ဒါကြောင့် ကျွန်တော်သာ အမေရိကန် ဘောလုံးအတွက် တာဝန်ထမ်းဆောင်ရနေမယ်ဆိုရင် ခုချက်ချင်းပဲ လေဆိပ်ကိုသွားမယ်။ ပြီးရင် ယာဂန် ကလော့ပ်ရဲ့နေအိမ်ဆီကို သွားပြီးတော့ အမေရိကန်အသင်းရဲ့ နည်းပြရာထူးကို တာဝန်ယူပေးဖို့ ဆွေးနွေးပါမယ်။”

“ကလော့ပ်က မကြာသေးခင်ကမှ လီဗာပူးလ်ကနေ ထွက်ထားပြီးတော့ အနားလည်း ယူဦးမယ်ဆိုတာ ကျွန်တော် သိပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ အသေအချာ ဆွေးနွေးလိုက်မယ်ဆိုရင် သူ့ကို (၁၀၀)% စည်းရုံးနိုင်လိမ့်မယ်လို့ ကျွန်တော် ထင်တယ်။ ငွေကြေးပိုင်းလည်း သေချာပေါက် ပါဝင်မှာပေါ့။ လက်ရှိ အမေရိကန်ရဲ့ ကစားသမား စုဖွဲ့မှုက လီဗာပူးလ်လို ပုံစံမျိုးလည်း ဖြစ်နေတာဆိုတော့ သူ့အတွက်လည်း အဆင်ပြေမယ် ထင်ပါတယ်။ ပြီးတော့ (၂)နှစ်အတွင်းမှာပဲ သမိုင်းတစ်လျှောက် အကြီးကျယ် အခမ်းနားဆုံး ကမ္ဘာ့ဖလားပြိုင်ပွဲကြီးကို သူ ပါဝင်နိုင်မှာပါ။” လို့ မှတ်ချက်ပြု ပြောဆိုသွားခဲ့ပါတယ်။