ပရီးမီးယားလိဂ် နာမည်ကြီးကလပ် မန်ချက်စတာ ယူနိုက်တက်က ယနေ့မနက် အစောပိုင်းမှာ ပရီးမီးယားလိဂ် ပွဲစဉ်(၂၂) အဖြစ် ယှဉ်ပြိုင် ကစားခဲ့တဲ့ ဝုလ်ဗ်နဲ့ ပွဲစဉ်မှာ ပွတ်ကာသီကာ အနိုင်ရရှိခဲ့ပြီးနောက် ယူနိုက်တက်ရဲ့ တိုက်စစ်မှူး ဟွိုက်လန်းက သူတို့အသင်းဟာ လက်ကျန် ရာသီဝက်မှာ အဆင့်(၄)အတွင်း ဝင်ချင်သလို အက်ဖ်အေဖလား ချန်ပီယံဖြစ်ဖို့လည်း ရည်မှန်းထားကြောင်း ထုတ်ဖော် ပြောဆိုလာခဲ့ပါတယ်။

ဟွိုက်လန်းရဲ့ မန်ချက်စတာ ယူနိုက်တက်က ပရီးမီးယားလိဂ် ပွဲစဉ်(၂၂) အဖြစ် ကစားရခက်တဲ့ ဝုလ်ဗ်ကို အဝေးကွင်းမှာ သွားရောက် ရင်ဆိုင် ကစားခဲ့ရပြီး ရက်ဖို့ဒ်နဲ့ ဟွိုက်လန်းတို့ရဲ့ သွင်းဂိုးတွေကြောင့် ယူနိုက်တက်ဟာ ပထမပိုင်း အပြီးမှာတင် ၀-၂ ဆိုတဲ့ ရလဒ်နဲ့ ပွဲကို ဦးဆောင်နိုင်ခဲ့ပါတယ်။

Photo Credit: Euro Sports

ယူနိုက်တက်က ပထမပိုင်းမှာ ဝုလ်ဗ်ဘက်ကို တရစပ် တိုက်စစ်ဆင် ကစားနိုင်ခဲ့ပေမယ့် ဒုတိယပိုင်းမှာ သူတို့ရဲ့ ကစားအားကို လျှော့လိုက်တာကြောင့် အိမ်ရှင် ဝုလ်ဗ်က တိုက်စစ်ဆင်မှုတွေ ပြန်လုပ်လာနိုင်ခဲ့ပြီး ပွဲချိန် ၇၁မိနစ်မှာ အိမ်ရှင်တို့ ချေပဂိုး စတင် ရရှိခဲ့ပြီး ပွဲချိန် ၇၅မိနစ်မှာတော့ လူစားဝင် ကွင်းလယ်လူ တော်မီနေးက ယူနိုက်တက်တို့ တတိယမြောက် ဦးဆောင်ဂိုးကို ထပ်မံ ရရှိခဲ့ပါတယ်။

၁-၃ ဆိုတဲ့ ရလဒ် ဖြစ်သွားချိန်မှာ ယူနိုက်တက်တို့ အလွယ်တကူ နိုင်ပွဲ ရသွားလိမ့်မယ်လို့ ထင်ခဲ့ကြပေမယ့် မထင်မှတ်ပဲ ပွဲချိန် ၈၅မိနစ်နဲ့ ၉၅မိနစ်တို့မှာ ကယ်လ်မန်းနဲ့ နီတိုတို့က ဝုလ်ဗ်အတွက် ချေပဂိုးတွေ ပြန်လည် သွင်းယူပေးခဲ့တာကြောင့် ယူနိုက်တက်တို့ နိုင်ပွဲ ရဖို့ ရုန်းကန်ခဲ့ရပြီး ပွဲချိန် ၉၇မိနစ်မှာ လူငယ် ကွင်းလယ်ကြယ်ပွင့် မိုင်နူးက နောက်ကျအနိုင်ဂိုး သွင်းယူပေးခဲ့လို့သာ ယူနိုက်တက်တို့ သက်သာရာ ရခဲ့တာပါ။

Photo Credit: Standard

ဝုလ်ဗ် ၃-၄ မန်ချက်စတာ ယူနိုက်တက် ပွဲအပြီးမှာတော့ ယူနိုက်တက်အတွက် ၁ဂိုးသွင်း ၊ ၁ဂိုး ဖန်တီးကာ ခြေစွမ်းကောင်းတွေ ပြသနိုင်ခဲ့တဲ့ ဟွိုက်လန်းက သူတို့အသင်းဟာ လက်ကျန် ရာသီဝက်ကာလမှာ ပွဲတိုင်းကို နိုင်ပွဲရအောင် ကြိုးစား ကစားသွားမှာ ဖြစ်သလို ချန်ပီယံလိဂ်ဝင်ခွင့်ရဖို့နဲ့ အက်ဖ်အေဖလား ချန်ပီယံ ဖြစ်ဖို့ မျှော်လင့်ထားကြောင်း ဖွင့်ဟလာခဲ့ပါတယ်။

ဟွိုက်လန်းက – “ဒီနိုင်ပွဲက ကျွန်တော်တို့ အတွက် အလှည့်အပြောင်း တခု ဖြစ်လာစေမယ့် အရာလို့ မျှော်လင့်ထားပါတယ်။ ကျွန်တော်တို့က လက်ကျန်ပွဲတွေ အားလုံးမှာ နိုင်ပွဲ ရအောင် ကြိုးစား ကစားမယ်။ ကျွန်တော်တို့က ချန်ပီယံလိဂ်ဝင်ခွင့် ရချင်သလို အက်ဖ်အေဖလား ချန်ပီယံလည်း ဖြစ်ချင်ပါတယ်” လို့ ပြောကြားသွားခဲ့တာပါ။