မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ ဒိန်းမတ် တိုက်စစ်မှူးလေး ရက်မတ်စ် ဟွိုင်လန်းကတော့ အခုနောက်ပိုင်း ပွဲစဉ်တွေမှာ ခြေစွမ်း တောက်လျှောက် ပြသလျက် ရှိနေပြီး နောက်ဆုံးကစားထားတဲ့ (၅)ပွဲဆက်တိုက်အထိလည်း ဂိုးတွေ သွင်းယူလျက် ရှိနေပါတယ်။

ဒီအသက် (၂၁)နှစ်သား တိုက်စစ်မှူးက ဒီရာသီမှ အတ္တလန်တာကနေ မန်ယူနိုက်တက်အသင်းဆီ ရောက်ရှိလာခဲ့တာဖြစ်ပြီး ချန်ပီယံလိဂ်မှာသာ (၅)ဂိုး သွင်းနိုင်ခဲ့ပေမယ့် ပရီးမီးယားလိဂ်မှာတော့ ဂိုးစသွင်းနိုင်ဖို့ ရုန်းကန်ခဲ့ရသလို ပွဲစဉ် (၁၉)မှသာ စတင် သွင်းယူနိုင်ခဲ့တာပဲ ဖြစ်ပါတယ်။

Photo Credit : Goal

ဒါပေမယ့် ဟွိုင်လန်းက ဒီနောက်ပိုင်းမှာတော့ ပရီးမီးယားလိဂ် (၄)ပွဲနဲ့ အက်ဖ်အေဖလား (၁)ပွဲ စုစုပေါင်း (၅)ပွဲအထိ တောက်လျှောက် ဂိုးတွေ သွင်းယူလာနိုင်ခဲ့ပြီး ဒါကို သူရဲ့ ကြိုးစားအားထုတ်မှုတွေအပြင် သူရဲ့ စီနီယာ ကစားသမားဟောင်းကြီး ရော်ဘင် ဗန်ပါစီကြီးဆီကနေ အကြံညဏ်ကောင်းတွေ အနီးကပ် ရရှိခဲ့တာကြောင့်လည်း ဖြစ်ပါတယ်။

ယူနိုက်တက် အာဆင်နယ်တို့ရဲ့ ကစားသမားဟောင်းကြီး တိုက်စစ်မှူး ဗန်ပါစီက သူရဲ့ UEFA နည်းပြသင်တန်း အေလိုင်စင်အတွက် သူ့အသင်းဟောင်း ယူနိုက်တက်ဆီ လာရောက်ရင်း တစ်နိုင်ငံတည်းသား နည်းပြ အဲရစ် တန်ဟက်ဂ်ဆီကနေ နည်းပြပညာရပ်တွေကိုပါ လေ့လာနေပါတယ်။

Photo Credit : Youtube

ဒီလို အသင်းဟောင်းဆီ ရောက်နေစဉ်မှာ ဗန်ပါစီက သူရဲ့ ဘောလုံး အတွေ့အကြုံတွေ ပညာရပ်ပိုင်းတွေကို လက်ရှိ ယူနိုက်တက်ရဲ့ အထောင် တိုက်စစ်မှူးလေး ဟွိုင်လန်းဆီ ပြန်လည် မျှဝေပေးခဲ့တာကြောင့် ဟွိုင်လန်းလည်း ဒီနောက်ပိုင်းမှာ ခြေစွမ်းပိုင်းတွေ ပိုမို တိုးတက်ကောင်းမွန်လာရပါတယ်။

ယူနိုက်တက်ရဲ့ လေ့ကျင့်ရေးကွင်းဖြစ်တဲ့ ကာရင်တန်မှာ ယူနိုက်တက် ကစားသမားတွေ training ဆင်းပြီးတိုင်း ဟွိုင်လန်း နဲ့ ဗန်ပါစီတို့က စကားတွေ အများကြီး ပြောဆိုကြလေ့ရှိပြီး စီနီယာ-ဂျူနီယာ ဆက်ဆံရေးထက် ပိုမိုတဲ့ ညီအစ်ကို ဆက်ဆံရေးလိုမျိုးတောင် ဖြစ်နေတယ်လို့ သိရပါတယ်။ ဒီဆက်ဆံရေးကနေ ဟွိုင်လန်းအတွက် အကျိုးရှိစေမှာလည်း အသေအချာပဲ ဖြစ်ပါတယ်။