မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ တိုက်စစ်ကစားသမား ရက်စ်မတ် ဟွိုင်လန်းကတော့ လအတန်ကြာအထိ ဂိုးမိုးခေါင်နေခဲ့ရာကနေ မနေ့ညက လက်စတာ စီးတီးအသင်းနဲ့ ရင်ဆိုင်ခဲ့တဲ့ ပွဲစဉ်မှာပဲ ဂိုးပေါက်ပြန်တွေ့ခဲ့ပြီး အသင်းနိုင်ပွဲရအောင်ပါ အကောင်းဆုံး စွမ်းဆောင်ပေးသွားနိုင်ခဲ့ပါတယ်။

အသက်(၂၂)နှစ်အရွယ် ဒိန်းမတ်လက်ရွေးစင် တိုက်စစ်မှူး ဟွိုင်လန်းက ယူနိုက်တက် တိုက်စစ်ပိုင်းအတွက် အားထားရတဲ့ အထောင်တိုက်စစ်မှူး ဖြစ်ပေမယ့်လည်း ပြီးခဲ့တဲ့ ဒီဇင်ဘာ (၁၂)ရက်နေ့ ပယ်လ်ဇန်အသင်းနဲ့ ကစားရတဲ့ ယူရိုပါလိဂ်ပွဲစဉ်မှာ ဂိုးသွင်းခဲ့ပြီးနောက်ပိုင်းကတည်းက (၂၂)ပွဲဆက်တိုက်အထိ ဂိုးပေါက်ပျောက်ခဲ့ရပါတယ်။

Photo Credit : Sky Sports

မနေ့ညက ကင်းပါဝါမှာ အိမ်ရှင်လက်စတာနဲ့ ကစားရတဲ့ ပွဲစဉ်ထဲ ယူနိုက်တက်ရဲ့ အဖွင့်ဂိုးကို ဟွိုင်လန်းက သွင်းယူနိုင်ခဲ့တာ ဖြစ်ပါတယ်။ ဟွိုင်လန်းအပြင် သူ့လိုပဲ ဂိုးပေါက်အကြာကြီးပျောက်နေတဲ့ အသင်းဖော် အလက်ဟန်ဒရို ဂါနာချိုကလည်း အသင်းအတွက် ဒုတိယမြောက် ဦးဆောင်ဂိုးကို သွင်းယူရင်း ဂိုးမိုးခေါင်မှုကို အဆုံးသတ်နိုင်ခဲ့ပါတယ်။

ဒီလို ဂိုးပြန်သွင်းနိုင်ခဲ့ပြီးနောက် ဟွိုင်လန်းက “ဂိုးသွင်းတာယူတာက ကျွန်တော့်အတွက် အရမ်းအရေးကြီးသလို ကစားသမားတိုင်းအတွက်လည်း အရေးကြီးပါတယ်။ တိုက်စစ်မှူးတွေအနေနဲ့ ကျွန်တော်တို့ ဂိုးတွေ သွင်းရမှာပါ။ ကျွန်တော် ကျွန်တော့်ရဲ့ ကစားပုံကို အများကြီး လုပ်ဆောင်ခဲ့တယ်။ စိတ်ပိုင်းဆိုင်ရာကိုလည်း ပါပါတယ်။ ကျွန်တော် ဖြည်းဖြည်းချင်း တိုးတက်လာတယ်လို့ ထင်တယ်၊ အဲဒါကို ဒီဂိုးနဲ့ မြင်နိုင်ပါတယ်။ ဒါပေမယ့် ကျွန်တော် ဆက်ပြီး တိုးတက်ချင်သေးတယ်။”

Photo Credit : TNT Sports

“ဒါက အရမ်းအရေးကြီးတယ်။ မန်ချက်စတာ ယူနိုက်တက် ကစားသမားတစ်ယောက် ဖြစ်ရတာနဲ့ ပတ်သက်တဲ့ ဖိအားတွေ အရာအားလုံးကို ကျွန်တော် သိပါတယ်။ ဝေဖန်ခံရတာက ပုံမှန်ပါပဲ။ ကျွန်တော် အမြဲတိုးတက်ဖို့ ကြိုးစားနေပြီး ပိုကောင်းလာအောင် ဆက်လုပ်ချင်တယ်။ ကျွန်တော်က အခုထိ အရမ်းငယ်သေးတဲ့ ကစားသမားပါ။ ကျွန်တော့်ရဲ့ ကစားပုံကို ဆက်ပြီး လုပ်ဆောင်ဖို့ပဲ လိုပါတယ်။” လို့ ပြောဆိုခဲ့ပါတယ်။

ဒါ့အပြင် ဟွိုင်လန်းနဲ့ ပတ်သက်ပြီး နည်းပြအမော်ရင်က “ရက်စ်မတ်အတွက် တကယ်အရေးကြီးပါတယ်။ သူက မှန်ကန်တဲ့အရာတွေကို လုပ်ဆောင်နေပြီး အသင်းကို ကူညီပေးနေသလို ဘောလုံးတိုင်းအတွက် တိုက်ပွဲဝင်နေပါတယ်။ သူက အရမ်းကောင်းတဲ့ ဂိုးတစ်ဂိုး သွင်းယူခဲ့ပြီး သူက ဘယ်သူမဆိုထက် ပိုထိုက်တန်တယ်လို့ ကျွန်တော် ထင်ပါတယ်။” လို့ မှတ်ချက်ပြု ပြောကြားသွားခဲ့ပါတယ်။