တိုက်စစ်မှူး ရက်စ်က်စ် ဟွိုင်းလန်းက မန်ချက်စတာ ယူနိုက်တက်ကနေ စီးရီးအေချန်ပီယံ နာပိုလီအသင်းထံ အငှားစာချုပ်နဲ့ ပြောင်းရွှေ့လာပြီးနောက်မှာ သူဟာ အီတလီမြေမှာပဲ အခြေချဖို့ စီစဉ်ထားကြောင်း ဖွင့်ဟပြောဆိုလိုက်ပါတယ်။ အိုးလ်ထရက်ဖို့ဒ်က မအောင်မြင်ခဲ့တဲ့ ကာလတစ်ခုအပြီးမှာ ဒိန်းမတ်တိုက်စစ်မှူးဟာ အီတလီကို ပြန်လည်ရောက်ရှိလာပြီးနောက် ခြေစွမ်းကောင်းတွေနဲ့ ရာသီကို စတင်ထားနိုင်ခဲ့ပြီး နည်းပြ အန်တိုနီယို ကွန်တီရဲ့အသင်းမှာ အဆင်ပြေနေကြောင်း ဝန်ခံခဲ့ပါတယ်။
ဟွိုင်းလန်းဟာ အစပိုင်းမှာ ယူနိုက်တက်မှာပဲ ဆက်နေပြီး နေရာအတွက် တိုက်ပွဲဝင်လိုကြောင်း ပြောကြားခဲ့ပေမယ့် အေစီမီလန်လို အသင်းတွေက သူ့ကိုခေါ်ယူဖို့ ကြိုးပမ်းလာခဲ့ပါတယ်။ သူက မီလန်ရဲ့ကမ်းလှမ်းမှုကို ပယ်ချခဲ့ပေမယ့် နောက်ဆုံးမှာတော့ နာပိုလီအသင်းရဲ့ ကမ်းလှမ်းမှုကို လက်ခံခဲ့ပြီး ရာသီကုန်မှာ ယူရို (၄၄)သန်းနဲ့ အပြီးသတ်ဝယ်ယူခွင့်ပါဝင်တဲ့ အငှားစာချုပ်နဲ့ ပြောင်းရွှေ့ခဲ့တာဖြစ်ပါတယ်။
Photo Credit : Goal
အသက် (၂၂)နှစ်အရွယ် တိုက်စစ်မှူးဟာ အဆိုပါ အပြီးသတ်ဝယ်ယူခွင့်ကို အသက်ဝင်စေလိုပုံရပြီး La Repubblica သတင်းစာကို “ကျွန်တော် ဒိန်းမတ်ကနေ ထွက်လာပြီးနောက် ဩစတြီးယားမှာလည်း ကစားခဲ့ဖူးပါတယ်။ အသက် (၂၂)နှစ်နဲ့ဆိုရင် ကျွန်တော် အတွေ့အကြုံတွေ အများကြီး ရရှိထားပြီးပါပြီ။ ဒါပေမဲ့ အခု ကျွန်တော် နာပိုလီမှာရှိနေပြီး ဒီမှာပဲ ဆက်နေဖို့ စီစဉ်ထားပါတယ်။” လို့ ပြောကြားခဲ့ပါတယ်။
ဟွိုင်းလန်းက အသင်းမှာ သူ့ရဲ့အခန်းကဏ္ဍနဲ့ပတ်သက်ပြီးလည်း ရှင်းလင်းပြောဆိုခဲ့ပြီး လက်ရှိဒဏ်ရာရနေတဲ့ အသင်းရဲ့နံပါတ် (၉)တိုက်စစ်မှူး လူကာကူနဲ့အတူ တွဲကစားဖို့နဲ့ သူ့ဆီကနေ သင်ယူဖို့ စိတ်အားထက်သန်နေကြောင်း ဖွင့်ဟခဲ့ပါတယ်။
Photo Credit : Goal
“လူကာကူနေရာကို အစားထိုးဖို့က ကျွန်တော်တစ်ယောက်တည်း မဟုတ်ပါဘူး၊ နာပိုလီမှာ လော်ရန်ဇို လူကာနဲ့ ဂျူဆက်ပီ အမ်ဘရိုစီနိုတို့လို တခြားတိုက်စစ်မှူးကောင်းတွေလည်း ရှိပါတယ်။ ပြီးတော့ ကျွန်တော်တို့အားလုံး လူကာကူပြန်လာမှာကို စိတ်အားထက်သန်စွာ စောင့်မျှော်နေပါတယ်။ ကျွန်တော်တို့အားလုံး သူ့ဆီကနေ သင်ယူစရာတွေ အများကြီးရှိပါတယ်” လို့ သူက ဆိုပါတယ်။
နည်းပြ အန်တိုနီယို ကွန်တီရဲ့ လက်အောက်မှာ လျင်မြန်စွာအထိုင်ကျခဲ့တဲ့ ဟွိုင်းလန်းရဲ့ လက်တလောအာရုံစိုက်မှုကတော့ ရာသီအဖွင့် လိဂ်ပွဲစဉ် (၄)ပွဲစလုံးကို အနိုင်ရထားတဲ့ နာပိုလီအသင်းရဲ့ အောင်မြင်မှုကို ဆက်ထိန်းထားနိုင်ဖို့ပဲ ဖြစ်ပါတယ်။ သူတို့အသင်းဟာ မနက်ဖြန် (တနင်္ဂနွေနေ့) မှာတော့ အေစီမီလန်အသင်းကို ဆန်စီရိုကွင်းမှာ သွားရောက်ရင်ဆိုင်ရမယ့် စမ်းသပ်မှုကြီးတစ်ခုနဲ့ ရင်ဆိုင်ရတော့မှာ ဖြစ်ပါတယ်။