ပရီးမီးယားလိဂ် နာမည်ကြီးကလပ် မန်ချက်စတာ ယူနိုက်တက်ရဲ့ တိုက်စစ်မှူးသစ် ဟွိုက်လန်းက သူ့ရဲ့ အသင်းဖော်သစ် မားကပ် ရက်ဖို့ဒ်ဟာ ကမ္ဘာ့အဆင့် ကစားသမား တဦး ဖြစ်ကြောင်း နောက်ဆုံး ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ချီးကျူးသွားခဲ့ပါတယ်။

အသက် ၂၀ အရွယ် ဒိန်းမတ် လက်ရွေးစင် တိုက်စစ်မှူး ဟွိုက်လန်းက ပြီးခဲ့တဲ့ နွေဈေးကွက် အတွင်းမှာ စီးရီးအေကလပ် အတ္တလန်တာ ကနေ မန်ချက်စတာ ယူနိုက်တက်ထံ ပြောင်းရွှေ့လာခဲ့သူ ဖြစ်ပြီး မန်ချက်စတာ ယူနိုက်တက်က သူ့အတွက် မြင့်မားတဲ့ ပြောင်းရွှေ့ကြေး တရပ် ပေးချေခဲ့ရပါတယ်။

Photo Credit: 90 Min

ဟွိုက်လန်းက မန်ချက်စတာ ယူနိုက်တက်ဆီ ရောက်ရှိပြီးနောက် ရက်ဖို့ဒ်နဲ့ အဓိက တွဲဖက် ကစားနေရပြီး နှစ်ဦးစလုံးက မြန်နှုန်းမြင့် တိုက်စစ်မှူးတွေ ဖြစ်တာကြောင့် သူတို့နှစ်ဦးသာ အတွဲအဖက်မိမိ ကစားနိုင်ခဲ့ရင် ပြိုင်ဘက်တွေ အတွက် ကြောက်စရာကောင်းတဲ့ တိုက်စစ်အတွဲ ဖြစ်လာနိုင်ပါတယ်။

လက်ရှိမှာလည်း မားကပ် ရက်ဖို့ဒ်က ဟွိုက်လန်း အတွက် ဂိုးဖန်တီးမှု ၁ကြိမ် လုပ်ပေးထားပြီး ဟွိုက်လန်းကတော့ မန်ချက်စတာ ယူနိုက်တက် အတွက် ပြိုင်ပွဲစုံမှာ ၈ပွဲ ပါဝင် ကစားပေးထားရာ သွင်းဂိုး ၃ဂိုး သွင်းယူပေးထားပါတယ်။

Photo Credit: Manchester United

နောက်ဆုံး ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာတော့ ဟွိုက်လန်းက သူ့ရဲ့ အသင်းဖော် မားကပ် ရက်ဖို့ဒ်ကို ချီးကျူးမှုတွေ လုပ်ခဲ့သလို ရက်ဖို့ဒ်နဲ့ တွဲဖက် ကစားနေရတဲ့ အတွက် ပျော်မိကြောင်း ဆိုလာပါတယ်။ ဟွိုက်လန်းက – “ရက်ဖို့ဒ်နဲ့ တွဲကစားရတာကို အတော်လေး ကြိုက်ပါတယ်။ သူက ကမ္ဘာ့အဆင့် ကစားသမား တဦးပါ။ သူက ကျွန်တော့်ထက် နှစ်အနည်းငယ်ပဲ အသက်ပိုကြီးပေမယ့် ကျွန်တော်က သူ့ကို ကြည့်ပြီး ကြီးပြင်းလာခဲ့တာလို့လည်း ပြောလို့ ရပါတယ်။ မစ်ဂျေးလန်းနဲ့ပွဲမှာ သူ့ရဲ့ ပွဲဦးထွက်ကို ကစားတဲ့အချိန် ကနေ စပြီး အခုချိန်အထိ သူက အကောင်းဆုံး လုပ်ဆောင်ပြထားပါတယ်။ သူက ထိပ်တန်း ကစားသမား တဦး ဖြစ်လာတာပါ။ အခုချိန်မှာ သူ့ရဲ့ အသင်းဖော် ဖြစ်ခွင့် ရလို့ ပျော်မိပါတယ်” ဆိုပြီး ပြောကြားသွားခဲ့တာပါ။