မန်ချက်စတာ ယူနိုက်တက်ကနေ နာပိုလီအသင်းအသင်းဆီကို အငှားစာချုပ်နဲ့ ပြောင်းရွှေ့လာခဲ့တဲ့ တိုက်စစ်မှူး ရက်စ်မက်စ် ဟွိုင်းလန်းက စီးရီးအေဆီ ပြန်လည်ရောက်ရှိလာရာမှာ သူ့ရဲ့အရည်အသွေးတွေကို သက်သေပြဖို့ စိတ်အားထက်သန်နေကြောင်း ဖွင့်ဟပြောကြားလိုက်ပါတယ်။
ဒိန်းမတ်တိုက်စစ်မှူးဟာ ၂၀၂၅-၂၆ ရာသီကို နာပိုလီအသင်းမှာ အငှားကစားသမားအဖြစ် ဖြတ်သန်းသွားမှာဖြစ်ပြီး တကယ်လို့ နာပိုလီအသင်း ချန်ပီယံလိဂ်ဝင်ခွင့်ရရှိခဲ့ပါက ဒီအပြောင်းအရွှေ့ကို အပြီးသတ်ဖြစ်အောင် မဖြစ်မနေလုပ်ဆောင်ရမှာ ဖြစ်ပါတယ်။
Photo Credit : FotMob
ဟွိုင်းလန်းဟာ ၂၀၂၂-၂၃ ရာသီက အတ္တလန်တာအသင်းမှာ ကစားခဲ့ဖူးပြီး စီးရီးအေပွဲစဉ် (၃၂)ပွဲမှာ (၉)ဂိုးသွင်း၊ (၂)ဂိုး ဖန်တီးပေးနိုင်ခဲ့ပါတယ်။ ယူနိုက်တက်နဲ့ ပွဲဦးထွက်ရာသီမှာ ပရီးမီးယားလိဂ်ဂိုး (၁၀)ဂိုးအထိ သွင်းယူနိုင်ခဲ့ပေမယ့် ပြီးခဲ့တဲ့ရာသီမှာတော့ လိဂ်ပွဲစဉ် (၃၂)ပွဲမှာ (၄)ဂိုးသာ သွင်းယူနိုင်ခဲ့လို့ ခြေစွမ်းကျဆင်းခဲ့ပါတယ်။
အခုအခါမှာတော့ သူဟာ အတ္တလန်တာမှာ ပြသခဲ့တဲ့ ခြေစွမ်းကောင်းတွေကို ပြန်လည်ရှာဖွေရင်း အီတလီထိပ်တန်းလိဂ်မှာ သူ့ကိုယ်သူ သက်သေပြဖို့ စိတ်ပိုင်းဖြတ်ထားပါတယ်။ နာပိုလီအသင်းရဲ့ YouTube channel နဲ့ တွေ့ဆုံရာမှာ ဟွိုင်းလန်းက “ကျွန်တော့်မှာ သက်သေပြစရာတွေ အများကြီးနဲ့ ရောက်လာခဲ့တာပါ။ အီတလီရဲ့ အကောင်းဆုံးအသင်းမှာ ကျွန်တော့်ကိုယ်ကျွန်တော် ပြသချင်ပါတယ်။” လို့ ပြောကြားခဲ့ပါတယ်။
Photo Credit : ESPN
“အရင်ကနဲ့တော့ မတူတော့ဘူးပေါ့။ အခု ကျွန်တော်က အတွေ့အကြုံပိုရှိပြီး ပိုကောင်းတဲ့ ဘောလုံးသမားတစ်ယောက် ဖြစ်လာပါပြီ။ ကျွန်တော့်မှာ နိုင်ငံတကာအတွေ့အကြုံတွေ အများကြီးရှိတယ်။ ပရီးမီးယားလိဂ် ချန်ပီယံလိဂ် ယူရိုပါလိဂ်တွေမှာ ကစားခဲ့ဖူးပါတယ်။ ကျွန်တော် အမြဲတမ်း ကြိုးစားအားထုတ်ကစားပါတယ်။ ကွင်းထဲမှာ အသေခံကစားချင်တယ်။ အသင်းအတွက် အရာအားလုံးကို ပေးဆပ်ချင်တယ်။ ဂိုးတွေသွင်းချင်တယ်။ ဖန်တီးပေးချင်တယ်။ အရာအားလုံးအတွက် တိုက်ပွဲဝင်ချင်ပါတယ်။” လို့ သူ့ရဲ့ကစားဟန်ကို ရှင်းပြခဲ့ပါတယ်။
နာပိုလီပရိသတ်တွေနဲ့ ပတ်သက်ပြီးတော့လည်း “ဒီက ပရိသတ်တွေ (tifosi) က အရမ်းကောင်းပါတယ်။ ကျွန်တော် အရင်က အီတလီမှာ အတ္တလန်တာနဲ့ ကစားခဲ့ဖူးတော့ သူတို့ ဒီမှာ ဘယ်လောက်တောင် ရူးသွပ်ကြလဲ၊ ဘောလုံးကို ဘယ်လောက်ချစ်လဲဆိုတာ ကျွန်တော်သိပါတယ်။ ဒီအခွင့်အရေးကို ကျွန်တော် စောင့်မျှော်နေခဲ့တာပါ။ ဒီနှစ်မှာ ကျွန်တော်တို့ကို ဆုဖလားတစ်ခုခု ရအောင် ပရိသတ်တွေနဲ့ ကလပ်အသင်း ဂုဏ်ယူအောင် အကောင်းဆုံး ကြိုးစားသွားမှာပါ။” လို့ ကတိပေးပြောကြားခဲ့ပါတယ်။