မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ နည်းပြဖြစ်သူ အဲရစ် တန်ဟက်ဂ်က အသင်း တိုက်စစ်မှူးလေး ရက်မတ်စ် ဟွိုင်လန်းက လက်ရှိမှာ ယုံကြည်မှုတွေ ပိုတိုးလာနေပြီ ဖြစ်သလို သွင်းဂိုးတွေကိုလည်း ဆက်လက် သွင်းယူသွားလိမ့်မယ်လို့ ပြောဆိုလာပါတယ်။

ယူနိုက်တက် နည်းပြ တန်ဟက်ဂ်က ဒီနွေမှာ အသင်းရဲ့ တိုက်စစ်ပိုင်းအတွက် ဒိန်းမတ် လက်ရွေးစင် တိုက်စစ်မှူး ဟွိုင်လန်းကို ယုံယုံကြည်ကြည်နဲ့ ခေါ်ယူခဲ့ပြီး စတင် ခေါ်ယူခဲ့စဉ်တုန်းကတော့ အသက် (၂၀)သာ ရှိသေးတဲ့ လူငယ်ကစားသမားအတွက် ပေါင် (၇၂)သန်းတောင် အသုံးပြုခဲ့လို့ ဝေဖန်ခံရပါသေးတယ်။

Photo Credit : Footbalium

ဟွိုင်လန်း ကိုယ်တိုင်ကလည်း ချန်ပီယံလိဂ်မှာ ဂိုးမြူးသလောက် ပရီးမီးယားလိဂ်မှာ ဂိုးရဖို့က ရုန်းကန်ခဲ့ရပြီး ဒီဇင်ဘာလအကုန် ပွဲစဉ် (၁၉)မှသာ ပထမဆုံးဂိုးကို စတင် သွင်းယူနိုင်ခဲ့ပါတယ်။ ဒါကြောင့်လည်း ဟွိုင်လန်းက ဝေဖန်မှုတွေနဲ့ ရင်ဆိုင်ခဲ့ရပြီး ဂိုးသွင်းအား မကောင်းတဲ့ တိုက်စစ်မှူးလို့ပါ သတ်မှတ်ခံလာရပါတယ်။

ဟွိုင်လန်းနဲ့ ပတ်သက်ပြီး နည်းပြတန်ဟက်ဂ်က “ပထမဆုံး အာဆင်နယ်နဲ့ပွဲမှာ သူ လူစားဝင် ကစားတယ်။ လုံးဝ ပင်နယ်တီ ပေးရမယ့် အနေအထားအထိ ဖြစ်ခဲ့ပေမယ့်လည်း မရလိုက်ဘူး။ ပြီးတော့ ဘရိုက်တန်နဲ့ပွဲမှာ ဂိုးသွင်းတယ်။ ဒါလည်း ပယ်ဖျက်ခံခဲ့ရတယ်။ ဒါတွေက သူ့အတွက် အထောက်အကူ ဖြစ်သွားတယ်လို့ပဲ ပြောရမယ်။”

Photo Credit : talkSPORT

“အခုတော့ သူက သူ့ကိုယ်သူ ယုံကြည်ချက်တွေ အပြည့်အဝ ရှိနေပါပြီ။ သူ သေချာပေါက် ဂိုးတွေ ဆက်လက် သွင်းယူနေပါလိမ့်မယ်။ သူက ဖိအားတွေအောက်ကို ရောက်ရှိနေချိန်မှာတောင် ဂိုးတွေ သွင်းယူနိုင်တဲ့သူပါ။ ဒါကလည်း အသင်းအတွက် တကယ်ကို လိုအပ်နေတဲ့ တိုက်စစ် ကစားသမားမျိုးပါပဲ။”

“သူက စိတ်လှုပ်ရှားနေတာမျိုး မရှိပဲ သူ့ကိုယ်သူ ယုံယုံကြည်ကြည်နဲ့ တည်တည်ငြိမ်ငြိမ် ကစားနိုင်သူ ဖြစ်တာမို့ ကျွန်တော်ကတော့ သူရဲ့ သွင်းဂိုးတွေ ထပ်မြင်ရလိမ့်မယ်လို့ သေချာပေါက် ပြောနိုင်ပါတယ်။” လို့ မှတ်ချက်ပြုသွားခဲ့ပါတယ်။