ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းမှာပဲ ဒိန်းမတ်အသင်း အတွက် ပထမဦးဆုံး ပွဲစဉ်ကို ဝင်ရောက် ကစားရင်း ဟက်ထရစ် သွင်းယူနိုင်ခဲ့တဲ့ ဒိန်းမတ်လက်ရွေးစင် လူငယ်ကြယ်ပွင့် တိုက်စစ်မှူး ဟိုက်လန်ဟာ မန်ချက်စတာ ယူနိုက်တက်ရဲ့ အမာခံ ပရိသတ် တဦး ဖြစ်ကြောင်း သိရှိရပါတယ်။

အသက် ၂၀ အရွယ်သာ ရှိသေးတဲ့ အတ္တလန်တာရဲ့ လူငယ်ကြယ်ပွင့် တိုက်စစ်မှူး ဟိုက်လန်က ယခုနှစ် ဘောလုံးရာသီမှာ အတ္တလန်တာနဲ့ အတူ တောက်ပနေပြီး သူက အတ္တလန်တာ အတွက် ပြိုင်ပွဲစုံမှာ ၂၅ပွဲ ပါဝင် ကစားပေးထားရာ သွင်းဂိုး ၈ဂိုး သွင်းယူထားနိုင်ကာ ဂိုးဖန်တီးမှု ၂ကြိမ် ပြုလုပ်ထားနိုင်ပါတယ်။

Photo Credit: Team Talk

အထောင်တိုက်စစ်မှူး အဖြစ် ကစားလေ့ ရှိတဲ့ ဟိုက်လန်က ဘယ်ခြေအားသန် တိုက်စစ်မှူး တဦး ဖြစ်ပြီး ပြိုင်ဘက်ရဲ့ ဂိုးဧရိယာထဲမှာ နေရာယူ ကောင်းသလို တိကျတဲ့ ဂိုးသွင်းစွမ်းရည် ရှိတာကြောင့် မန်ချက်စတာ စီးတီးနဲ့ နော်ဝေအသင်းရဲ့ ကြယ်ပွင့် တိုက်စစ်မှူး အာလင်း ဟာလန်းနဲ့ နှိုင်းယှဉ်ကာ ချီးကျူးခံနေရသူပါ။

ဟိုက်လန်က သောကြာနေ့ မနက် အစောပိုင်းမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ ဒိန်းမတ် ၃-၁ ဖင်လန် ပွဲစဉ်မှာ သူ့ရဲ့ နိုင်ငံလက်ရွေးစင် ကစားသမား ဘဝ ပထမဦးဆုံးပွဲ အဖြစ် ဝင်ရောက် ကစားခွင့် ရခဲ့ပြီး အသင်းအတွက် အနိုင်ဂိုး ၃ဂိုးစလုံးကိုပါ သွင်းယူနိုင်ခဲ့ပါတယ်။

Photo Credit: Team Talk

သူ့ရဲ့ ဂိုးသွင်းစွမ်းရည်ကြောင့်ပဲ မန်ချက်စတာ ယူနိုက်တက် အပါအဝင် ဥရောပရဲ့ နာမည်ကြီးကလပ် တချို့က ဟိုက်လန်ကို ခေါ်ယူဖို့ စိတ်ဝင်စားလာကြပြီး ဟိုက်လန်ကတော့ မကြာသေးမီကမှ ပြုလုပ်ခဲ့တဲ့ အင်တာဗျူး တခုမှာ သူဟာ မန်ချက်စတာ ယူနိုက်တက်ရဲ့ အမာခံ ပရိသတ် တဦး ဖြစ်ကြောင်း ဖွင့်ဟ ဝန်ခံထားပါတယ်။

ဟိုက်လန်က – “ကျွန်တော်က မန်ချက်စတာ ယူနိုက်တက်ရဲ့ အမာခံ ပရိသတ် တဦးပါ။ ဒီအချက်ကို မဖုံးကွယ်ထားချင်ပါဘူး။ ဒါကြောင့် မန်ချက်စတာ ယူနိုက်တက် အတွက် ကစားပေးမယ့် အိမ်မက်ဟာ ကျွန်တော့်ဘဝရဲ့ အကြီးမားဆုံး ရည်မှန်းချက်တွေထဲက တခုပါ” လို့ ထုတ်ဖော် ပြောဆိုခဲ့ဖူးတာပဲ ဖြစ်ပါတယ်။