မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ ဒိန်းမတ် တိုက်စစ်မှူးလေး ရက်မတ်စ် ဟွိုင်လန်းကတော့ လက်ရှိမှာ ဒဏ်ရာ ပြသာနာကြောင့် ရက်သတ္တပတ် အနည်းငယ်ခန့် အနားယူနေရပေမယ့် လာမယ့် အဲဗာတန်နဲ့ ပွဲစဉ်မှာပဲ ပြန်လည် ပါဝင်လာနိုင်ဖွယ် ရှိနေတယ်လို့ သတင်းထွက်ပေါ်လာခဲ့ပါတယ်။

အသက် (၂၁)နှစ်အရွယ် တိုက်စစ်မှူး ဟွိုင်လန်းဟာ လူတန်တောင်းအသင်းကို အနိုင်ရခဲ့တဲ့ ပွဲစဉ်အပြီးမှာပဲ ကြွက်သားဒဏ်ရာ ရရှိသွားခဲ့တာကြောင့် အနည်းဆုံး (၂)ပတ်ကနေ (၃)ပတ်ခန့်လောက်အထိ အနားယူသွားရတော့မယ်လို့ အသင်းဘက်ကနေ တရားဝင် ထုတ်ပြန်ခဲ့ပါတယ်။

Photo Credit : NDTV Sports

ယူနိုက်တက်က ဟွိုင်လန်း မပါဝင်နိုင်ခဲ့တဲ့ ဖူလ်ဟမ် နော်တင်ဟမ် မန်စီးတီးအသင်းတို့နဲ့ ပွဲစဉ်တွေထဲ အတော်လေး ရုန်းကန်ခဲ့ရပြီး ဖူလ်ဟမ်နဲ့ မန်စီးတီးတို့ ပွဲစဉ်တွေမှာတော့ ရှုံးနိမ့်ခဲ့ရသလို နော်တင်ဟမ်နဲ့ FA Cup ပွဲမှာတော့ နောက်ကျဂိုးကြောင့်သာ အနိုင်ရခဲ့ပါတယ်။

ပရီးမီးယားလိဂ် (၂)ပွဲဆက်တိုက်အထိ ရှုံးပွဲတွေ့ထားခဲ့ရတဲ့ ယူနိုက်တက်က အသင်းအတွက် ဂိုးမြူးနေတဲ့ ဟွိုင်လန်းကို အနားပေးထားရတာဟာ ထိုးနှက်ချက် ဖြစ်နေရပေမယ့်လည်း အခု ထွက်ပေါ်လာတဲ့ ဟွိုင်လန်းရဲ့ ဒဏ်ရာ အခြေအနေ သတင်းကတော့ ယူနိုက်တက်အတွက် သတင်းကောင်းတစ်ခု ဖြစ်လာနိုင်ပါတယ်။

Photo Credit : centredevils

ယူနိုက်တက် သတင်းအရင်းအမြစ်တစ်ခုရဲ့ ဖော်ပြချက်မှာတော့ ဟွိုင်လန်းက လာမယ့်စနေနေ့ အဲဗာတန်အသင်းနဲ့ ရင်ဆိုင်သွားရမယ့် ပရီးမီးယားလိဂ်ပွဲမှာပဲ အသင်းအတွက် ပါဝင်ကစားနိုင်ဖွယ်လည်း ရှိနေတယ်လို့ ဖော်ပြထားခဲ့ပါတယ်။

ဆက်လက်ပြီး ဟွိုင်လန်းက ပရီးမီးယားလိဂ်ရဲ့ ဖေဖော်ဝါရီလ တစ်လတာ အကောင်းဆုံးကစားသမားဆုကိုလည်း ဆွတ်ခူးရရှိသွားတယ်ဆိုတဲ့ သတင်းတွေလည်း ထွက်ပေါ်လျက် ရှိနေပါတယ်။ ဟွိုင်လန်းက ဖေဖော်ဝါရီလထဲမှာ (၄)ပွဲကစား (၅)ဂိုးသွင်း (၁)ဂိုးဖန်တီးပေးထားနိုင်ခဲ့ပါတယ်။