မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ ဒိန်းမတ် တိုက်စစ်မှူးလေး ရက်မတ်စ် ဟွိုင်လန်းကတော့ အခုဆိုရင် အသင်းအတွက် ပရီးမီးယားလိဂ် ပွဲပေါင်း (၂၀)အထိ ကစားထားပြီးချိန်မှာ သူရဲ့ ပရီးမီးယားလိဂ် သွင်းဂိုးအရေအတွက်ဟာလည်း (၇)ဂိုးအထိ ရှိလာခဲ့ရပါတယ်။

တကယ်တော့ တိုက်စစ်မှူးတစ်ဦးအတွက် သူရဲ့ ပွဲဦးထွက်ရာသီမှာ (၇)ဂိုးထိ သွင်းထားနိုင်တာက ပုံမှန် အနေအထားသာ ရှိတယ်လို့ ဆိုနိုင်ပေမယ့်လည်း စစ်တမ်းများအရတော့ ဟွိုင်လန်းရဲ့ စွမ်းဆောင်မှုက တခြားသော ပရီးမီးယားလိဂ် တိုက်စစ်မှူးတွေထက်ကို ပိုမို သာလွန်နေရပါတယ်။

Photo Credit : Goal

ပရီးမီးယားလိဂ်မှာ ပါဝင်ကစားခဲ့ဖူးတဲ့ အင်္ဂလန်သား မဟုတ်သော ပြည်ပက ထိပ်သီး တိုက်စစ်မှူးတွေရဲ့ ပွဲဦးထွက်ရာသီ စွမ်းဆောင်မှုတွေများအနက် မန်စီးတီး ကစားသမားဟောင်း အဂွဲရိုး ၊ အာဆင်နယ် ကစားသမားဟောင်း အွန်နရီ ၊ လိဒ်စ် ကစားသမားဟောင်း ဟယ်ဆယ်ဘိန့်နဲ့ ဆောက်သမ်တန် ကစားသမားဟောင်း မာနေးတို့က သူတို့ ပွဲဦးထွက်တွေမှာ အကောင်းဆုံး စွမ်းဆောင်နိုင်ခဲ့ပါတယ်။ (ကစားသမားတွေနဲ့ တွဲဖက်ရေးသားထားတဲ့ အသင်းတွေက အဲ့ဒီကစားသမားတွေရဲ့ ပရီးမီးယားလိဂ် ပွဲဦးထွက်ခဲ့တဲ့ အသင်း ဖြစ်ပါတယ်။)

အဂွဲရိုးက သူရဲ့ ပရီးမီးယားလိဂ် ပွဲဦးထွက်မှာ (၂၃)ဂိုး အွန်နရီက (၁၇)ဂိုး ဟယ်ဆယ်ဘိန့်က (၁၆)ဂိုးနဲ့ မာနေးက (၁၀)ဂိုးအထိ သွင်းယူနိုင်ခဲ့ပြီး ဒီကစားသမားတွေရဲ့ အောက် ပဉ္စမနေရာမှာ ရပ်တည်နေတာက အခု ယူနိုက်တက် တိုက်စစ်မှူးလေး ဟွိုင်လန်းဖြစ်ပြီး သွင်းဂိုး (၇)ဂိုးနဲ့ ရပ်တည်လို့နေပါတယ်။

Photo Credit : beIN SPORTS

ဟွိုင်လန်းရဲ့အောက် အဆင့် (၆)နေရာမှာ အနဲလ်ကာက သွင်းဂိုး (၆)ဂိုးနဲ့ ရှိနေတဲ့အပြင် နောက်ထပ် အာဆင်နယ် ကစားသမားဟောင်း ဗန်ပါစီဟာလည်း (၅)ဂိုးနဲ့ အဆင့် (၇)နေရာမှာ ရှိနေသလို သူတို့ရဲ့အောက်မှာလည်း ဆွန်ဟောင်မင် မိုဆာလာ နဲ့ လူကာကူတို့ကပါ အသီးသီး ရပ်တည်နေပါတယ်။

တကယ်တော့ ဟွိုင်လန်းက ပရီးမီးယားလိဂ်ဂိုးကို ပွဲစဉ် (၁၉)မှရောက်မှသာ စတင် သွင်းယူနိုင်ခဲ့တာ ဖြစ်ပေမယ့်လည်း အဲ့ဒီအချိန်ကနေ သူ ပါဝင်ခဲ့တဲ့ ပရီးမီးယားလိဂ် (၆)ပွဲဆက်တိုက်အထိ ဂိုးသွင်းနိုင်ခဲ့လို့ အခုဆိုရင် ပရီးမီးယားလိဂ် (၆)ပွဲဆက် ဂိုးသွင်းနိုင်တဲ့ အသက်အငယ်ဆုံး ကစားသမားဆိုတဲ့ စံချိန်သစ်ကိုပါ စိုက်ထူနိုင်ခဲ့ပါတယ်။