ပရီးမီးယားလိဂ် နာမည်ကြီးကလပ် မန်ချက်စတာ ယူနိုက်တက်ရဲ့ အဓိက တိုက်စစ်မှူး ဟွိုက်လန်းက ယမန်နေ့ညမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ မန်ချက်စတာ ယူနိုက်တက် ၂-၂ စပါး ပွဲစဉ်မှာ သူတို့အသင်းဟာ ခြေစွမ်း ပိုကောင်းခဲ့သလို နိုင်ပွဲ ရခဲ့သင့်ကြောင်း ထုတ်ဖော် ပြောဆိုလာပါတယ်။

ဟွိုက်လန်းရဲ့ မန်ချက်စတာ ယူနိုက်တက်က ပရီးမီးယားလိဂ် ပွဲစဉ် ၂၁ အဖြစ် အိမ်ကွင်း အိုးထရက်ဖို့ဒ်မှာ စပါးကို ဧည့်ခံ ကစားခဲ့ရပြီး အဆိုပါပွဲမှာ မန်ချက်စတာ ယူနိုက်တက်က ၂ကြိမ်တိုင်တိုင် ဦးဆောင်နိုင်ခဲ့ပေမယ့် ချေပဂိုးတွေ ပြန်ပေးခဲ့ရတာကြောင့် အိမ်ကွင်းမှာ သရေရလဒ်နဲ့သာ ကျေနပ်ခဲ့ရတာပါ။

Photo Credit: Standard

မန်ချက်စတာ ယူနိုက်တက်နဲ့ စပါးတို့ ပွဲစဉ်မှာ နှစ်သင်းစလုံးက အဓိက ကစားသမား အစုံအလင် ထည့်သွင်းကာ ကစားခဲ့ကြပြီး ပွဲအစ ၃မိနစ်မှာတင် ဟွိုက်လန်းက ပြင်းထန် အားပါးတဲ့ကန်ချက်နဲ့ ယူနိုက်တက် အတွက် ဦးဆောင်ဂိုးကို သွင်းယူပေးခဲ့ပါတယ်။ ဒါပေမယ့် ယူနိုက်တက်ရဲ့ အပျော်တွေက ၁၅မိနစ် ဝန်းကျင်သာ ခံခဲ့ပြီး ပွဲချိန် ၁၉မိနစ်မှာ ရစ်ချာလီဆန်က ထောင့်ကန်ဘော ကနေ ကျလာတဲ့ ဘောလုံးကို ခေါင်းတိုက်ကာ စပါးအတွက် ချေပဂိုးကို ပြန်သွင်းပေးခဲ့ပါတယ်။

အဲ့ဒီနောက် ပွဲချိန် ၄၀မိနစ်မှာ ဟွိုက်လန်းရဲ့ ပေးပို့မှု ကနေ ရက်ဖို့ဒ်က ယူနိုက်တက်ရဲ့ ဒုတိယမြောက် ဦးဆောင်ဂိုးကို ထပ်သွင်းခဲ့ပေမယ့် ဒုတိယပိုင်း စစချင်းမှာပဲ စပါးကွင်းလယ်လူ ဘန်တန်ကာက အသင်းဖော်သစ် တီမိုဗာနာရဲ့ ပေးပို့မှုကို အကောင်းဆုံး အဆုံးသတ်ကာ စပါးအတွက် ချေပဂိုးကို ထပ်သွင်းပေးခဲ့ပါတယ်။

Photo Credit: Stretty News

မန်ချက်စတာ ယူနိုက်တက် ၂-၂ စပါး ပွဲစဉ်မှာ နှစ်သင်းစလုံးရဲ့ ခြေစွမ်းပိုင်းက များစွာ မကွာခဲ့တာကြောင့် သရေရလဒ်က မျှတတဲ့ ရလဒ် တခု ဖြစ်ခဲပေမယ့် ယူနိုက်တက်အတွက် ၁ဂိုးသွင်း ၊ ၁ဂိုး ဖန်တီးပေးကာ ခြေစွမ်းပြခဲ့တဲ့ ဟွိုက်လန်းကတော့ နိုင်ပွဲမရတဲ့ အတွက် စိတ်ပျက်နေကြောင်း ပွဲပြီးအင်တာဗျူးမှာ ဖွင့်ဟ ပြောဆိုသွားခဲ့ပါတယ်။

ဟွိုက်လန်းက – “ကျွန်တော်က ရက်ဖို့ဒ်အတွက် ဂိုးဖန်တီးမှု လုပ်ပေးနိုင်ခဲ့လို့ ပျော်ပါတယ်။ သူကပဲ ကျွန်တော့်ကို ဂိုးဖန်တီးမှုတွေ လုပ်ပေးခဲ့တာလေ။ နိုင်ပွဲမရခဲ့တဲ့ အတွက် နည်းနည်းလေး စိတ်ပျက်မိပါတယ်။ ဘာကြောင့်လဲဆိုတော့ ကျွန်တော်တို့က ပိုကောင်းတဲ့အသင်း ဖြစ်ခဲ့လိုပါ။ စပါးကလည်း အရမ်းကို ကောင်းတဲ့ အသင်းပါ။ ပြီးတော့ သူတို့ရဲ့ ဒီရာသီ ရလဒ်ပိုင်းတွေကလည်း အတော်လေး ကောင်းပါတယ်” လို့ ပြောကြားသွားခဲ့တာပါ။