မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ နည်းပြဖြစ်သူ အဲရစ် တန်ဟက်ဂ်က တိုက်စစ်ကစားသမားလေး ရက်မတ်စ် ဟွိုင်လန်းက ချန်ပီယံလိဂ်ပြိုင်ပွဲအတွင်း ဂိုးတွေ ဆက်လက် သွင်းယူသွားနိုင်လိမ့်မယ်လို့ ပြောကြားလိုက်ပါတယ်။

အသက် (၂၀)အရွယ်သာ ရှိနေသေးတဲ့ ဒိန်းမတ် လက်ရွေးစင် တိုက်စစ်မှူးလေး ဟွိုင်လန်းဟာ ဒီရာသီမှသာ ချန်ပီယံလိဂ်ပြိုင်ပွဲကို စတင် ဆင်နွဲနေရတာဖြစ်ပြီး လက်ရှိမှာတော့ ချန်ပီယံလိဂ် (၄)ပွဲ ကစားထားပြီးချိန် သွင်းဂိုး (၅)ဂိုးအထိ သွင်းယူထားနိုင်ခဲ့ပါတယ်။

Photo Credit : Planet Football

ဒီနွေမှ အတ္တလန်တာကနေ ယူနိုက်တက်အသင်းဆီ ပြောင်းရွှေ့ ရောက်ရှိလာခဲ့တဲ့ ဟွိုင်လန်းဟာ ပရီးမီးယားလိဂ်မှာ အခုထိ ဂိုးမသွင်းနိုင်သေးပေမယ့်လည်း ချန်ပီယံလိဂ်မှာတော့ (၅)ဂိုး သွင်းယူထားရင်း ဟာလန်း မိုရာတာတို့နဲ့အတူ ဒီရာသီ ချန်ပီယံလိဂ် သွင်းဂိုးအများဆုံး စာရင်းမှာပါ ထိပ်ဆုံးနေရာကနေ ပူးတွဲ ရပ်တည်နေပါတယ်။

ဟွိုင်လန်းအနေနဲ့ ဒီရက်ပိုင်းအတွင်း ပေါင်ဒဏ်ရာ ခံစားနေရတာကြောင့် ဒိန်းမတ်နဲ့ပွဲစဉ်တွေအပြင် အဲဗာတန်နဲ့ ပွဲကိုလည်း လွဲချော်ထားခဲ့ရပေမယ့် ဂါလာတာစာရေးနဲ့ ချန်ပီယံလိဂ်ပွဲမတိုင်ခင် လေ့ကျင့်ခန်း ပြန်းဆင်းနေပြီဖြစ်လို့ ဒီပွဲကို ပါဝင်လာနိုင်ဖွယ် ရှိနေပါတယ်။

Photo Credit : The Times

ဟွိုင်လန်းရဲ့ အခြေအနေနဲ့ ပတ်သက်ပြီး ယူနိုက်တက် နည်းပြ အဲရစ် တန်ဟက်ဂ်က “သူက ချန်ပီယံလိဂ်မှာ ကြီးကျယ်ခမ်းနားစွာ လုပ်ဆောင်ထားတာ။ လူငယ် ကစားသမားလေး တစ်ဦးအနေနဲ့ သူရဲ့ ပထမဆုံးသော ချန်ပီယံလိဂ် ကစားရတဲ့ ဘောလုံးရာသီမှာပဲ (၅)ဂိုးအထိတောင် သွင်းယူထားနိုင်ခဲ့ပါတယ်။”

“ဒါက အရမ်းကောင်းပါတယ်။ အခု သူက ချန်ပီယံလိဂ်မှာ ဂိုးတွေ ဆက်လက် သွင်းယူဖို့ကိုလည်း စိတ်အားထက်သန်နေပါတယ်။ မာရှယ်ကလည်း အဲဗာတန်နဲ့ပွဲမှာ ဂိုးသွင်းထားခဲ့တာမို့ တိုက်စစ်အတွက် ရွေးချယ်စရာ ပိုကောင်းသွားခဲ့ပါတယ်။” လို့ ပြောဆိုခဲ့ပါတယ်။