မာဆေးလ်အသင်းရဲ့ ကွင်းလယ်ကစားသမား ဟွိုင်းဘယက်က သူနဲ့အတူ နွေဈေးကွက်ကမှ မာဆေးလ်ကို ရောက်ရှိလာပြီး ဂိုးတွေသွင်းယူ ခြေစွမ်းပြသနေတဲ့ တိုက်စစ်ကစားသမား မေဆန် ဂရင်းဝုဒ်နဲ့ ပတ်သက်ပြီး ဂရင်းဝုဒ်က သူရဲ့ ပုံစံကောင်းတွေ ဆက်လက် ထိန်းသိမ်းထားနိုင်ဖို့ လိုအပ်တယ်လို့ အကြံပြု တိုက်တွန်းလိုက်ပါတယ်။

အသက် (၂၂)နှစ်အရွယ် မန်ချက်စတာ ယူနိုက်တက် အကယ်ဒမီထွက် တိုက်စစ်မှူး ဂရင်းဝုဒ်ဟာ အတူနေ ချစ်သူအပေါ် ကိုယ်ထိလက်ရောက် ပြုလုပ်မှုကြောင့် ဖမ်းဆီးထိန်းသိမ်းခံရရင်း အမှုရင်ဆိုင်ခဲ့ရသလို အမှုကနေ ကွင်းလုံးကျွတ် လွတ်မြောက်သွားတော့လည်း ယူနိုက်တက်မှာ ပြန်ကစားခွင့် မရတော့ပဲ အခုဆို အသင်းကနေ အပြီးသတ်ပါ ထွက်ခွာခဲ့ရပါတယ်။

Photo Credit : Goal

ပြီးခဲ့တဲ့ ရာသီက ဂီတာဖေးအသင်းဆီ အငှားနဲ့ ပြောင်းရွှေ့ခဲ့တဲ့ ဂရင်းဝုဒ်ဟာ ဂီတာဖေးရဲ့ တစ်နှစ်တာ အကောင်းဆုံး ကစားသမားဆုကိုပါ ဆွတ်ခူးခဲ့ပြီး အခုနွေမှာတော့ မာဆေးလ်အသင်းဆီ အပြီးသတ် ပြောင်းရွှေ့ခဲ့ပါတယ်။ အခုဆိုရင် ဂရင်းဝုဒ်က မာဆေးလ်အတွက် လီဂူး (၃)ပွဲကစားပြီး (၃)ပွဲလုံး ဂိုးတွေ သွင်းယူရင်း (၅)ဂိုးအထိ သွင်းယူထားနိုင်ခဲ့ပါတယ်။

ဒီလို စွမ်းဆောင်ရည်တွေကြောင့်လည်း ဂရင်းဝုဒ်က မာဆေးလ်အသင်းရဲ့ သြဂုတ်လ တစ်လတာ အကောင်းဆုံး ကစားသမားဆုပါ ထိုက်ထိုက်တန်တန် ဆွတ်ခူးထားခဲ့ရပြီး ဒီရာသီ ပြင်သစ်လီဂူးပြိုင်ပွဲမှာ စောင့်ကြည့်ချင်စရာ အကောင်းဆုံး ကစားသမားတစ်ဦးပါ ဖြစ်လာခဲ့ပါတယ်။

Photo Credit : Daily Sports

ဒီလို ခြေစွမ်းပြသနေတဲ့ အသင်းဖော် ဂရင်းဝုဒ်ကို ဟွိုင်းဘယက်က “မေဆန်က မာဆေးလ်နဲ့ သူရဲ့စွမ်းဆောင်ရည်တွေကို ပြသထားပြီးသားပါ။ သူ ကောင်းကောင်း လုပ်နိုင်ခဲ့တယ်။ ဒါပေမယ့် သူရဲ့ပုံစံကောင်းကို ဆက်ထိန်းထားဖို့ အရေးကြီးတယ်။ ကျွန်တော် သူ့အကြောင်း အများကြီး မပြောချင်ပါဘူး။ ဘာလို့လဲဆိုတော့ သူ့မှာ အရည်အချင်းတွေ အများကြီး ရှိနေလို့ ကျွန်တော် သူ့ကို အဆုံးအထိ ဆက်သွားစေချင်ပါတယ်။”

“ကြယ်ပွင့် ကစားသမားတွေအကြောင်း ပြောရတာကိုတော့ ကျွန်တော် မကြိုက်ဘူး။ အရေးကြီးတာက သူ ဒီအတိုင်း ဆက်လုပ်နိုင်ဖို့က အရေးကြီးပြီးတော့ သူက ကျွန်တော်တို့အတွက် ဘယ်လောက် အရေးကြီးတယ်ဆိုတာကိုလည်း ကျွန်တော်တို့အားလုံး သိနေပါတယ်။ သူက အဝတ်လဲခန်းထဲမှာ ကစားသမားတွေ သဘောကျရတဲ့သူမျိုးပါ။ သူ အလုပ်ကောင်းကောင်းလုပ်ပြီး အပတ်တိုင်း အသင်းကို ကူညီရပါမယ်။ အသင်းအတွက် ဂိုးသွင်းတာ မသွင်းတာက အရေးမကြီးပေမယ့် အသင်းအတွက် ကူညီနိုင်အောင် ကစားရပါမယ်။” လို့ အကြံပြုလိုက်ပါတယ်။