မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ ချီချာရီတို ဟာနန်ဒက်ဇ်ဟာ သူရဲ့လက်ရှိကလပ်အသင်းဖြစ်တဲ့ အယ်လ်အေ ဂလက်ဆီအသင်းနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးတော့မှာဖြစ်ပြီး အသင်းနဲ့လည်း သက်တမ်းတိုးမှုတွေ မလုပ်ဆောင်တော့ပဲ လက်တွဲဖြုတ်သွားတော့မယ်လို့ သိရပါတယ်။

အသက် (၃၅)နှစ်အရွယ် ရှိနေပြီဖြစ်တဲ့ မက္ကဆီကို တိုက်စစ်မှူးကြီး ဟာနန်ဒက်ဇ်ဟာ ၂၀၂၀ခုနှစ်ကတည်းက မေဂျာလိဂ် ထိပ်သီးကလပ် အယ်လ်အေ ဂလက်ဆီအသင်းဆီ ရောက်ရှိနေခဲ့တာဖြစ်ပြီး ပွဲပေါင်း (၈၂)ပွဲ ကစားထားခဲ့ကာ (၃၉)ဂိုးအထိ ဂိုးတွေ သွင်းယူပေးထားနိုင်ခဲ့ပါတယ်။

Photo Credit : Bleacher Report

မက္ကဆီကိုကလပ် Guadalajara အသင်းမှာ စီနီယာ ကစားသမားဘဝကို စတင်ခဲ့တဲ့ တိုက်စစ်မှူး ဟာနန်ဒက်ဇ်က ၂၀၁၀မှာပဲ ကစားသမားဘဝရဲ့ အကြီးမားဆုံး အပြောင်းအလဲအဖြစ် မန်ယူနိုက်တက်အသင်းဆီ ပြောင်းရွှေ့ခွင့် ရရှိခဲ့ပြီး အသင်းမှာလည်း ပုံမှန် ကစားခွင့် ရရှိခဲ့ပါတယ်။

ဟာနန်ဒက်ဇ်က ယူနိုက်တက်အသင်းမှာ ရွန်နီ ဘာဘာတော့ဗ် ဗန်ပါစီတို့လို တိုက်စစ်ကစားသမားတွေနဲ့ အတူ တွဲဖက်ကစားခဲ့ရင်း သူကိုယ်တိုင်လည်း ယူနိုက်တက်အတွက် (၁၅၇)ပွဲမှာ (၅၉)ဂိုးအထိ သွင်းယူပေးနိုင်ခဲ့သလို အသင်းနဲ့ ပရီးမီးယားလိဂ်ဖလားကိုပါ (၂)ကြိမ်အထိ ရယူနိုင်ခဲ့ပါသေးတယ်။

Photo Credit : Managing Madrid

၂၀၁၄-၂၀၁၅ ဘောလုံးရာသီမှာ ဟာနန်ဒက်ဇ်က ရီးယဲလ်မက်ဒရစ်ဆီ တစ်ရာသီအငှားနဲ့ ပြောင်းရွှေ့ခဲ့သလို နောက်တစ်ရာသီမှာလည်း လေဗာကူဆင်ဆီ အပြီးသတ် ပြောင်းရွှေ့ခဲ့ရပါတယ်။ ၂၀၁၇မှာတော့ ဝက်စ်ဟမ်းအသင်းနဲ့အတူ ပရီးမီးယားလိဂ်ကို တစ်ကျော့ပြန် ရောက်လာခဲ့ပြီး ပွဲ(၆၀)ခန့်မှာ သွင်းဂိုး (၁၆)ဂိုးသာ သွင်းနိုင်ခဲ့လို့ ဆီဗီလာအသင်းဆီ ထပ်မံ ရောင်းချခံခဲ့ရပါတယ်။

ဆီဗီလာမှာ တစ်ရာသီသာ ဖြတ်သန်းပြီးနောက် အယ်လ်အေ ဂလက်ဆီကို ရောက်သွားခဲ့တဲ့ ဟာနန်ဒက်ဇ်က အခုတော့ ဂလက်ဆီနဲ့ (၄)ရာသီကြာ ပါဝင်ခဲ့ပြီးတဲ့နောက် အသင်းကနေ ပြန်လည် ထွက်ခွာတော့မှာပဲ ဖြစ်ပါတယ်။ free agent ဖြစ်သွားခဲ့တဲ့ ဟာနန်ဒက်ဇ်က ကစားသမားဘဝကနေ အနားယူဖွယ် မရှိသေးပဲ အသင်းသစ် တစ်သင်းကိုသာ ဆက်လက် ရှာဖွေဖွယ် ရှိနေပါတယ်။