အာဆင်နယ်အသင်းရဲ့ ဂန္ထဝင်ကစားသမားကြီး သီယာရီ အွန်နရီက ချန်ပီယံလိဂ်ပြိုင်ပွဲတွေမှာ အံ့အားသင့်စရာ ပြန်လာနိုင်တဲ့ပွဲတွေ ရှိတတ်ကြောင်း အထူးသဖြင့် ပြီးခဲ့တဲ့ရာသီက ပီအက်စ်ဂျီအသင်း ဘာစီလိုနာကို အဝေးကွင်းမှာ အနိုင်ယူပြီး နောက်တစ်ဆင့်တက်ပြခဲ့တာကို ထောက်ပြကာ အာဆင်နယ်အသင်း ဗိုလ်လုပွဲရောက်ဖို့ မျှော်လင့်ချက်ရှိနေသေးကြောင်း ပြောကြားလိုက်ပါတယ်။
အာဆင်နယ်အသင်းဟာ အိမ်ကွင်း အမ်းမရိတ်စ်မှာ ပီအက်စ်ဂျီကို ဒမ်ဘီလီရဲ့ အစောပိုင်းသွင်းဂိုးကြောင့် ရှုံးနိမ့်ခဲ့ရပါတယ်။ ဒါကြောင့် မီခေးလ် အာတီတာရဲ့ အသင်းဟာ ဗိုလ်လုပွဲကို တက်ရောက်နိုင်ဖို့အတွက် လာမယ့် ဗုဒ္ဓဟူးနေ့ ပြင်သစ်က ပီအက်စ်ဂျီရဲ့ ပါ့ခ်ဒက်စ် ပရင့်စက်စ်ကွင်းမှာ မဖြစ်မနေ အနိုင်ကစားရမှာ ဖြစ်ပါတယ်။
Photo Credit : Daily Mail
ဒါပေမယ့် ပြင်သစ်ချန်ပီယံ ပီအက်စ်ဂျီဟာ ပြီးခဲ့တဲ့ရာသီ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ နောက်ဆုံးကစားခဲ့တဲ့ အိမ်ကွင်းပွဲစဉ် (၂) ပွဲစလုံး ရှုံးနိမ့်ခဲ့ပြီး ဆီမီးဖိုင်နယ်ကနေ ထွက်ခဲ့ရပါတယ်။ ပီအက်စ်ဂျီဟာ ကွာတားဖိုင်နယ် ပထမအကျော့မှာ ဘာစီလိုနာကို အိမ်ကွင်းမှာ ၂-၃ နဲ့ ရှုံးနိမ့်ခဲ့ပေမယ့် ဒုတိယအကျော့ ဘာစီလိုနာရဲ့ နူးကမ့်ကွင်းမှာ ကီလီယန် အမ်ဘာပေရဲ့ ဦးဆောင်မှုနဲ့အတူ ၄-၁ ဆိုတဲ့ ရလဒ်နဲ့ အံ့အားသင့်ဖွယ် အနိုင်ရခဲ့ပါတယ်။ ဒါပေမယ့် ဆီမီးဖိုင်နယ်မှာလည်း နှစ်ကျော့စလုံး (၁)ဂိုး ဂိုးမရှိဆိုတဲ့ ရလဒ်တွေနဲ့ ရှုံးနိမ့်ခဲ့ပါတယ်။
အွန်နရီက CBS Sports ကို ပြောကြားရာမှာတော့ “ဒုတိယအကျော့ ကျန်ပါသေးတယ်။ ပထမအကျော့မှာတော့ ပီအက်စ်ဂျီက အများကြီး သာတယ်လို့ ကျွန်တော်မြင်တယ်။ အာဆင်နယ် ပီအက်စ်ဂျီကို အနိုင်ယူဖို့ဆိုရင် အများကြီး ပြောင်းလဲဖို့လိုတယ်။ ဒါပေမယ့် ဘာတွေဖြစ်လာမလဲဆိုတာ ဘယ်သူမှ ကြိုမသိနိုင်ပါဘူး။ ကျွန်တော် ပြီးခဲ့တဲ့ရာသီက ပီအက်စ်ဂျီနဲ့ ဘာစီလိုနာပွဲကို စဉ်းစားမိတယ်။ လူတိုင်းက ပွဲပြီးသွားပြီလို့ ထင်ခဲ့ကြပေမယ့် သူတို့ ဒုတိယအကျော့မှာ အသာလေး ပြန်နိုင်ခဲ့တယ်လေ။” လို့ သူက ဥပမာပေး ပြောဆိုခဲ့ပါတယ်။
Photo Credit : TNT Sports
ပထမပိုင်းမှာ ပီအက်စ်ဂျီက ပွဲကို စိုးမိုးထားနိုင်ခဲ့ပေမယ့် ပွဲချိန် မိနစ်(၇၀)မှာ ဒမ်ဘီလီကို ဘရက်ဒ်လေ ဘာကိုလာ နဲ့ လူစားလဲလိုက်ချိန်ကစပြီး အာဆင်နယ် ပြန်လာနိုင်ခဲ့ပါတယ်။ “ဒမ်ဘီလီ ထွက်သွားတာနဲ့ ပီအက်စ်ဂျီ နည်းနည်း ပြန်ကျသွားတယ်။ အာဆင်နယ်အတွက် ဖိအားပေးရတာ ပိုလွယ်သွားတယ်။ ဘာလို့လဲဆိုတော့ ဒမ်ဘီလီက ဘောလုံးလာမယူတော့ဘူးလေ။” လို့ အွန်နရီက ထပ်ပြောပါတယ်။ “ဒါပေမယ့် ဟုတ်တယ်၊ ကျွန်တော်ပြောသလိုပဲ ဒီပွဲစဉ်က မပြီးသေးဘူး။ ဘာမဆို ဖြစ်သွားနိုင်ပါတယ်။” လို့ အွန်နရီက ဆိုပါတယ်။
ပြင်သစ်မီဒီယာတွေရဲ့ ဒီနေ့သတင်းတွေအရ အန်ဖီးလ်မှာလည်း အနိုင်ဂိုးသွင်းခဲ့တဲ့ ဒမ်ဘီလီဟာ တံကောက်ကြောဒဏ်ရာကြောင့် လူစားလဲခံခဲ့ရပေမယ့် ဒုတိယအကျော့အတွက် ကြံ့ခိုင်မှုပြည့်ဝဖွယ်ရှိတယ်လို့ ဆိုပါတယ်။ ပွဲအပြီး သတင်းစာရှင်းလင်းပွဲမှာ ပီအက်စ်ဂျီ နည်းပြ လူးဝစ် အင်းနရီကေး က ဒမ်ဘီလီရဲ့ အခြေအနေနဲ့ ပတ်သက်ပြီး “ကျွန်တော် မသိပါဘူး။ ဒါပေမယ့် တစ်ခုတော့ ကျွန်တော် ရာသီတစ်လျှောက်လုံး ပြောခဲ့သလို ပြောနိုင်ပါတယ်၊ ကျွန်တော်တို့က တကယ့်အသင်းတစ်သင်းပါ။ အူစမန် ကစားနိုင်ရင်တော့ ပိုကောင်းတာပေါ့။ ဒါပေမယ့် သူ မကစားနိုင်ခဲ့ရင်တောင် ကျွန်တော်တို့ တကယ့်အသင်းတစ်သင်း ဆိုတာကို မြင်ရမှာပါ၊ ဒါကတော့ သေချာတယ်။” လို့ ပြောကြားခဲ့ပါတယ်။