အာဆင်နယ်နဲ့ ပြင်သစ်အသင်းတို့ရဲ့ ကစားသမားဟောင်းကြီး သီယာရီ အွန်နရီက ရီးရဲလ်မက်ဒရစ် ကြယ်ပွင့် ကီလီယန် အမ်ဘာပေဟာ မန်ချက်စတာ စီးတီး တိုက်စစ်မှူး အာလင်း ဟာလန်းထက် အရည်အချင်းပိုများတယ်လို့ ယုံကြည်တဲ့အတွက် ဘာပေကို လေ့ကျင့်ပေးဖို့ ပိုနှစ်သက်ကြောင်း ပြောကြားခဲ့ပါတယ်။

အီတီဟတ်ကွင်းမှာ ကျင်းပခဲ့တဲ့ မန်စီးတီးနဲ့ ရီးယဲလ်အသင်းတို့ရဲ့ ချန်ပီယံလိဂ် ရှုံးထွက် ပလေးအော့အဆင့် ပထမအကျော့ပွဲစဉ်မှာ ဟာလန်းက စီးတီးအတွက် သွင်းဂိုး(၂)ဂိုးထိ သွင်းယူနိုင်ခဲ့သလို ဘာပေကလည်း ရီးယဲလ်အတွက် သွင်းဂိုး(၁)ဂိုး သွင်းယူပြီး ပွဲပြီးခါနိး ဒီးယက်ဇ် ဘယ်လင်ဟမ်တို့ရဲ့ ဂိုးတွေနဲ့ ရီးယဲလ်က အဝေးကွင်းမှာ comeback နိုင်ပွဲ ရသွားခဲ့ပါတယ်။

Photo Credit : Goal

ဒီပွဲစဉ်နဲ့ ပတ်သက်ပြီး CBS Sports ရဲ့ ချန်ပီယံလိဂ် ပွဲစဉ်လွှင့်အဖွဲ့ဝင်တွေဖြစ်တဲ့ အွန်နရီ၊ ဂျေမီ ကာရာဂါနဲ့ မီကာ ရစ်ချတ်စ်တို့ဟာ ဘာပေနဲ့ ဟာလန်းတို့ ဘယ်သူက ပိုကောင်းတဲ့ ကစားသမားလဲဆိုတာကို ငြင်းခုံခဲ့ကြပါတယ်။ အဖွဲ့ထဲမှာ တိုက်စစ်မှူးဟောင်းတစ်ဦးတည်းဖြစ်တဲ့ အွန်နရီကို စူပါစတားနှစ်ဦးကို အကဲဖြတ်ပြီး ဘယ်သူက ပိုသာတယ်လို့ ယူဆလဲဆိုတာကို ဆုံးဖြတ်သွားခဲ့တယ်။

“ကျွန်တော့်အတွက်တော့ ကီလီယန်က ပိုပြီး ဘက်စုံပါတယ်။” လို့ အွန်နရီက ပြောပါတယ်။ “ရှင်းပြပါ့မယ်။ ဒီကောင်လေးက တစ်နှစ်ခွဲလောက် အထောင်တိုက်စစ်နေရာမှာ ကစားဖို့ ကြိုးစားနေတာပါ။ သူက ပီအက်စ်ဂျီမှာ လုပ်ကြည့်ခဲ့ပေမယ့် သိပ်အဆင်မပြေခဲ့ပါဘူး။ အခု သူက ဥရောပရဲ့ အကြီးဆုံးကလပ် ရီးရဲလ် မက်ဒရစ်မှာ လုပ်နေပါတယ်။ သူက အဲဒါကို လိုက်လျောညီထွေဖြစ်အောင် လုပ်ရပါမယ်။”

Photo Credit : CBS Sports

“ဒီကောင်လေး(ဟာလန်း)က သူ့ရဲ့ ဘောလုံးသမားဘဝ အစပိုင်းကတည်းက နံပါတ်(၉)နေရာမှာ ကစားနေတာပါ။ ကျွန်တော်တို့က မက်ဆီနဲ့ ရော်နယ်လ်ဒိုပြီးရင် ပေါ်လာမယ့်သူတွေလို့ ထင်ခဲ့ကြတာပါ။ ဒါပေမယ့် အခု သူတို့ ဘာဖြစ်နေလဲဆိုတာကို အတည်ပြုမယ့်အစား လူတွေက သူတို့ရဲ့ ကစားပုံကို မေးခွန်းထုတ်နေကြတုန်းပါပဲ။ ဘာလို့လဲဆိုတော့ ဂိုးတွေအရ အရေအတွက်တွေအရ အံ့မခန်းပါပဲ။ အကောင်းဆုံးနှစ်ယောက် မဟုတ်ရင်တောင် ထိပ်တန်းတွေပါ။”

“လူတွေက ငြင်းခုံကြလိမ့်မယ်။ လူတချို့က ဘာပေလို့ ပြောလိမ့်မယ်။ တချို့က ဗင်နီစီယပ်စ်လို့ ပြောလိမ့်မယ်။ တချို့က လာမင်း ယာမားလ် လာနေပြီလို့ ပြောလိမ့်မယ်။ ဘာပဲဖြစ်ဖြစ်ပါ။ ကျွန်တော်ပြောချင်တာက ဒါက သေချာတဲ့ အရာတစ်ခု မဟုတ်ပါဘူး။ ကျွန်တော်တို့က ဒါဟာ သေချာတဲ့အရာတစ်ခုလို့ ထင်ခဲ့ကြတာပါ။”