လီဗာပူးလ်အသင်းကနေ ထွက်ခွာပြီး ဆော်ဒီပရိုလိဂ်ကလပ် အယ်လ်အစ်တီဖာအသင်းဆီကို ပြောင်းရွှေ့ခဲ့ခြင်းဟာ အမှားတစ်ခုကို လုပ်ဆောင်မိခဲ့တာ ဖြစ်တယ်လို့ အင်္ဂလန် ဝါရင့် ကွင်းလယ်လူ ဂျော်ဒန် ဟန်ဒါဆန်က ဖွင့်ဟ ဝန်ခံသွားခဲ့ပါတယ်။

အသက် (၃၃)နှစ်အရွယ်ရှိ အင်္ဂလန် လက်ရွေးစင် ကွင်းလယ်ကစားသမား ဟန်ဒါဆန်ဟာ ဒီနှစ်နွေမှာပဲ လီဗာပူးလ်ကနေ ဆော်ဒီကလပ် အယ်လ်အစ်တီဖာအသင်းဆီ ပေါင် (၁၂)သန်းနဲ့ ပြောင်းရွှေ့ပြီး သူရဲ့စီနီယာ အသင်းဖော် နည်းပြ စတီဗင် ဂျရတ်နဲ့ပါ ပြန်လည် လက်တွဲခွင့် ရရှိခဲ့ပါတယ်။

Photo Credit : The Athletic

ကနဦး ဖော်ပြချက်တွေအရဆိုရင် ဟန်ဒါဆန်က အယ်လ်အစ်တီဖာမှာ တစ်ပတ်လုပ်ခအဖြစ် ပေါင် (၇)သိန်းခွဲလောက်အထိ ရရှိနေတယ်လို့ ဖော်ပြခဲ့ကြပေမယ့် နောက်ပိုင်းမှာတော့ အဆင်မပြေတာတွေ များလာရင်း ဒီ ၂၀၂၄ နှစ်စပိုင်းမှာပဲ နှစ်ဦးသဘောတူ လက်တွဲဖြုတ်ခဲ့ကြပါတယ်။

ဆော်ဒီကနေ ထွက်ခွာခဲ့တဲ့ ဟန်ဒါဆန်ဟာ နယ်သာလန် ထိပ်သီးကလပ် အေဂျက်စ်အသင်းဆီ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ပြောင်းရွှေ့ခဲ့ပြီး အခုဆိုရင် ဟန်ဒါဆန်က အေဂျက်စ်အသင်းရဲ့ အဓိက ကစားသမားတစ်ဦးပါ ဖြစ်နေရသလို အင်္ဂလန်အသင်းမှာလည်း တောက်လျှောက် ရွေးချယ်ခံနေရပါတယ်။

Photo Credit : The Independent

ဒီလို အခြေအနေတွေနဲ့ ပတ်သက်ပြီး ဟန်ဒါဆန်က “ဘောလုံးအားကစားက ကျွန်တော်ရဲ့ သွေးတွေထဲမှာ စီးဆင်းနေတယ် ဆိုတာကို အခုမှပဲ ကျွန်တော် သဘောပေါက်သွားတယ်။ ဆော်ဒီလိဂ်က တိုးတက်နေပေမယ့်လည်း ကျွန်တော်အတွက်ကတော့ အံ့ဝင်ခွင်ကျ မဖြစ်သေးပဲ အဲ့ဒီနေရာကို သွားခဲ့မိတာကလည်း မှားယွင်းခဲ့ပါတယ်။ အခုတော့ ကျွန်တော်က အေဂျက်စ်အသင်းရဲ့ ပရောဂျက်မှာပဲ ပျော်ရွှင်နေပါတယ်။” လို့ ပြောဆိုသွားခဲ့ပါတယ်။

လီဗာပူးလ်အသင်းနဲ့ ဘောလုံးရာသီ (၁၂)ရာသီအထိ ဖြတ်သန်းခဲ့ဖူးပြီး ဆုဖလား အောင်မြင်မှုများစွာ ရယူနိုင်ခဲ့တဲ့ ဟန်ဒါဆန်က ဆော်ဒီကလပ် အယ်လ်အစ်တီဖာအသင်းနဲ့ (၁၉)ပွဲသာ ပါဝင်ခဲ့ပြီး အခု အေဂျက်စ်အသင်းအတွက်တော့ (၇)ပွဲအထိ ကစားထားခဲ့ပါတယ်။