ယခုနှစ် ဘောလုံးရာသီမှာ ပရီးမီးယားလိဂ် နာမည်ကြီးကလပ် မန်ချက်စတာ ယူနိုက်တက် ကနေ တန်းတက်ကလပ် နော်တင်ဟမ် ဖောရက်စ်ဆီ တရာသီအငှားနဲ့ ပြောင်းရွှေ့ ကစားနေတဲ့ ဒင်း ဟန်ဒါဆန်ကတော့ သူ့ရဲ့ အသင်းဖော် တဦး ဖြစ်သူ မားကပ် ရက်ဖို့ဒ်ဟာ သူ မြင်ဖူးသမျှ ကစားသမားတွေထဲမှာ ကန်ချက်အပြင်းဆုံး ကစားသမား ဖြစ်ကြောင်း နောက်ဆုံး ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ဖွင့်ဟ ပြောကြားသွားခဲ့ပါတယ်။

အသက် ၂၅နှစ် အရွယ် အင်္ဂလန် လက်ရွေးစင် ဂိုးသမား ဒင်း ဟန်ဒါဆန်က အရည်အသွေးမြင့် ဂိုးသမား တဦး ဖြစ်ပေမယ့် မန်ချက်စတာ ယူနိုက်တက်မှာ ဆက်နေရင် ဒုတိယ ဦးစားပေး ဂိုးသမား အဖြစ်သာ ဆက်လက် ကစားရဖို့ ရှိနေတာကြောင့် မန်ချက်စတာ ယူနိုက်တက် ကနေ နော်တင်ဟမ် ဖောရက်စ်ဆီ တရာသီအငှားနဲ့ ပြောင်းရွှေ့ ကစားခဲ့သူ ဖြစ်ပြီး နော်တင်ဟမ် ဖောရက်စ်ဆီ အရောက်မှာ ထိုက်သင့်တဲ့ လက်စွမ်းတွေကို ပြသထားနိုင်ပါတယ်။

Photo Credit: Metro

တဖက်မှာတော့ အသက် ၂၄နှစ် အရွယ် အင်္ဂလန် လက်ရွေးစင် တိုက်စစ်မှူး မားကပ် ရက်ဖို့ဒ်က ဟန်ဒါဆန်လိုပဲ မန်ချက်စတာ ယူနိုက်တက်ရဲ့ လူငယ် အကယ်ဒမီ ကနေ ထွက်ပေါ်လာတဲ့ ကစားသမား တဦး ဖြစ်ပြီး သူဟာ ယခုနှစ် ဘောလုံးရာသီမှာ မန်ချက်စတာ ယူနိုက်တက် အတွက် ခြေစွမ်းကောင်းတွေ ပြသထားနိုင်ကာ ယူနိုက်တက် အတွက် ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ ၆ပွဲ ပါဝင် ကစားပေးထားရာ သွင်းဂိုး ၃ဂိုး သွင်းယူထားနိုင်သလို ဂိုးဖန်တီးမှု ၂ကြိမ် ပြုလုပ်နိုင်ခဲ့ပါတယ်။

မားကပ် ရက်ဖို့ဒ်က မြန်နှုန်းမြင့် ကစားဟန်ကို ပိုင်ဆိုင်ထားတဲ့ တိုက်စစ်မှူး တဦး ဖြစ်သလို ကန်ချက်ပြင်းကာ မကြာခဏ ဆိုသလို အဝေးကန်ချက်တွေနဲ့ သွင်းဂိုးတွေ ရယူနိုင်သူ ဖြစ်ပြီး ဟန်ဒါဆန်ကလည်း နောက်ဆုံး ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ သူ ရင်ဆိုင်ခဲ့ဖူးတဲ့ ကစ်ပါဝါ အမြင့်ဆုံး ကစားသမားဟာ ဘယ်သူလဲ ဆိုတဲ့ မေးခွန်းကို ဖြေကြားရချိန်မှာပဲ သူ့အတွက် ဟယ်ရီကိန်းနဲ့ ရက်ဖို့ဒ်တို့ နှစ်ဦးစလုံးဟာ ကန်ချက်အပြင်းဆုံး ကစားသမားတွေ ဖြစ်ကြကာ နှစ်ယောက်ထဲက တယောက်ကို ရွေးရမယ် ဆိုရင်တော့ ရက်ဖို့ဒ်ကို ရွေးချယ်ချင်ကြောင်း ပြန်လည် ဖြေကြားသွားခဲ့ပါတယ်။

Photo Credit: Metro

ဟန်ဒါဆန်က – “ကျွန်တော် ရင်ဆိုင်ဖူးတဲ့ ကန်ချက်အပြင်းဆုံး ကစားသမားကို ပြောပြပါ ဆိုရင် ဟယ်ရီကိန်းနဲ့ ရက်ဖို့ဒ်တို့ နှစ်ယောက်ထဲက တယောက်ကို ရွေးရပါလိမ့်မယ်။ အထူးသဖြင့် ရက်ဖို့ဒ်ပေါ့။ ရက်ဖို့ဒ်က သူ့ရဲ့ အသင်းဖော်တွေကို မကြာခဏ ဘောလုံးနဲ့ တည်ကန်တတ်တဲ့ကောင်ဗျ။ တကယ်လို့ မားကပ်က ခင်ဗျားနဲ့ ရှစ်ကိုက်လောက် အကွာမှာ ရှိနေပြီးတော့ သူနဲ့လည်း ဘောလုံးတလုံး အတူရှိနေရင် သူက ခင်ဗျားကို တည်ကန်ပါလိမ့်မယ်။ အဲ့ဒီအချိန်ကျရင် သူက ဘာကိုမှ ဂရုမစိုက်တတ်ဘူးဗျ။ သူက ခင်ဗျားကို တတ်နိုင်သလောက် အားပြင်းပြင်းနဲ့ တည်ကန်ပါလိမ့်မယ်။ ပြီးတော့ သူ့ရဲ့ ကန်ချက်ကလည်း တကယ်ကို နာကျင်ပါတယ်။ အထူးသဖြင့် ဆောင်းတွင်းလို အေးခဲနေတဲ့ အချိန်မှာ သူ့ရဲ့ ကန်ချက်ကို ထိလိုက်ရင် အီစလံဝေတော့တာပါပဲ” လို့ ရယ်မောကာ ပြောကြားသွားခဲ့တာပါ။