လီဗာပူးလ်အသင်းရဲ့ အသင်းခေါင်းဆောင် ဝါရင့် ကွင်းလယ် ကစားသမားကြီး ဂျော်ဒန် ဟန်ဒါဆန်က သူ့ကို ခေါ်ယူဖို့ ကမ်းလှမ်းထားတဲ့ အသင်းဖော်ဟောင်း စတီဗင် ဂျရတ်ရဲ့ ဆော်ဒီကလပ် အယ်လ်အက်တီဖတ်အသင်းရဲ့ ကမ်းလှမ်းမှုကို လက်ခံသွားဖို့ ဆန္ဒမရှိ ဖြစ်နေတယ်လို့ သိရှိရပါတယ်။

Photo Credit : Football365

ရိန်းဂျားစ် ဗီလာတို့ရဲ့ နည်းပြဟောင်းလည်းဖြစ် လီဗာပူးလ်အသင်းရဲ့ legend player ဟောင်းကြီး ဂျရတ်ဟာ လက်ရှိမှာတော့ အယ်လ်အက်တီဖတ်အသင်းရဲ့ နည်းပြသစ်အဖြစ် စတင် ဆောင်ရွက်နေတာဖြစ်ပြီး သူရဲ့အသင်းအတွက် အသင်းဖော်ဟောင်း ဟန်ဒါဆန် ၊ ချယ်လ်ဆီး တိုက်စစ်မှူး အူဘာမီယန်းတို့ကို အဓိက ပစ်မှတ်ထားနေသလို free agent ဖြစ်နေတဲ့ ဇာဟာကိုလည်း ကမ်းလှမ်းမှု ပြုလုပ်ဖွယ်ပါ ရှိနေပါတယ်။ ဂျရတ်ရဲ့ အယ်လ်အက်တီဖတ်အသင်းက လက်ရှိ ဈေးကွက်အတွင်းမှာ လှုပ်ရှားမှုတွေ ကောင်းမွန်နေတဲ့ တခြား ဆော်ဒီကလပ်တွေလို ထိပ်တန်း ကစားသမား ခေါ်ယူမှုတွေ ပြုလုပ်ထားခြင်း မရှိပေမယ့်လည်း သူတို့ နည်းပြသစ် ခေါ်ယူချင်တဲ့ ကစားသမားတွေကိုတော့ အရ ခေါ်ယူပေးနိုင်ဖို့ ရှိနေပါတယ်။

Photo Credit : Livescore

ဒါပေမယ့် ဂျရတ်ရဲ့ main target (၂)ဦးထဲမှာ တစ်ဦးအပါအဝင် ဖြစ်သူ အသက် (၃၃)နှစ်အရွယ် ဝါရင့် အင်္ဂလန် ကွင်းလယ်လူ ဟန်ဒါဆန်ကတော့ သူရဲ့ ဘောလုံးသမားဘဝကို ဆော်ဒီပရိုလိဂ်မှာ ဖြတ်သန်းသွားဖို့ ဆန္ဒမရှိ ဖြစ်နေတာကြောင့် ဂျရတ်အနေနဲ့ အူဘာမီယန်းကိုသာ ဆက်လက် ကြိုးပမ်းရဖွယ် ရှိနေပါတယ်။ ဟန်ဒါဆန်က လီဗာပူးလ်အသင်းမှာ ဆယ်စုနှစ် တစ်ခုလောက်အထိ ဖြတ်သန်းထားခဲ့ပေမယ့် လက်ရှိမှာတော့ ယာဂန် ကလော့ပ်ရဲ့ ကစားကွက် အပြောင်းအလဲနဲ့ အသင်းဆီ ကွင်းလယ် ကစားသမားသစ်တွေ ထပ်မံ ဖြည့်တင်းထားမှုများကြောင့် ဟန်ဒါဆန်ရဲ့ ပုံမှန် ပွဲကစားခွင့်က တဖြည်းဖြည်း နည်းပါးလာရဖွယ်သာ ရှိနေပါတယ်။

ဒါပေမယ့်လည်း ဟန်ဒါဆန်ကတော့ ဒီလို အခြေအနေမျိုး ရင်ဆိုင်နေရသည့်တိုင် ဆော်ဒီမှာ ကစားသမားဘဝကို ဖြတ်သန်းဖို့ တွန့်ဆုတ်နေပြီး လီဗာပူးလ်မှာသာ သူရဲ့စာချုပ်သက်တမ်း ကုန်ဆုံးမယ့် ၂၀၂၅ခုနှစ်အထိ ဆက်လက် ကစားသွားနိုင်ဖွယ်လည်း ရှိန်ိုင်ပါတယ်။