ပရီးမီးယားလိဂ် အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ လီဗာပူးရဲ့ အသင်းခေါင်းဆောင် ဖြစ်သူ ဟန်ဒါဆန်က တံကောက်ကြော ဒဏ်ရာကြောင့် ၃ပတ် ဝန်းကျင် အနားယူရတော့မယ်လို့ အင်္ဂလန် အခြေစိုက် သတင်းဌာနတွေက တညီတညွတ်ထဲ ဖော်ပြသွားကြပါတယ်။

အသက် ၃၂နှစ် အရွယ် အင်္ဂလန် လက်ရွေးစင် ကွင်းလယ်လူ ဟန်ဒါဆန်က ယခုနှစ် ဘောလုံးရာသီမှာ လီဗာပူး အတွက် ပရီးမီးယားလိဂ်ပွဲ ၅ပွဲနဲ့ ကွန်မြူနတီဒိုင်းပွဲ ၁ပွဲ စုစုပေါင်း ၆ပွဲ အထိ ပါဝင် ကစားပေးထားသူ ဖြစ်ပြီး သူ့ရဲ့ လုပ်အားနှုန်းဟာ လီဗာပူးရဲ့ ကစားကွက် အတွက် အရေးပါတာကြောင့် သူ ဒဏ်ရာရသွားတာက လီဗာပူး အတွက် ကြီးမားတဲ့ ထိုးနှက်ချက် တရပ်ပဲ ဖြစ်ပါတယ်။

Photo Credit: Liverpool Echo

ဟန်ဒါဆန်ဟာ လီဗာပူးက နယူးကာဆယ်ကို ၂-၁ ဆိုတဲ့ ရလဒ်နဲ့ အနိုင်ရခဲ့တဲ့ ပွဲစဉ်မှာ တံကောက်ကြောဒဏ်ရာ ရသွားခဲ့တာ ဖြစ်ပြီး ကနဦးမှာ သူ့ရဲ့ ဒဏ်ရာဟာ မပြင်းထန်ဘူးလို့ ယူဆခဲ့ကြပေမယ့် ဆေးစစ်ချက်တွေအရ သူ့ရဲ့ ဒဏ်ရာဟာ အကြောမျက်နေသလို ဖြစ်သွားတာကြောင့် သူက ၃ပတ် ဝန်းကျင် အထိ အနားယူဖို့ လိုအပ်သွားခဲ့တာပါ။

လက်ရှိမှာတော့ လီဗာပူးရဲ့ ကွင်းလယ်လူ အများအပြားက ဒဏ်ရာပြဿနာတွေနဲ့ ကြုံတွေ့နေရတာကြောင့် ဟန်ဒါဆန် တယောက် ဒဏ်ရာ ထပ်ရသွားတာဟာ လီဗာပူးနည်းပြ ကလော့ပ် အတွက် ခေါင်းခဲစရာ တခု ဖြစ်ခဲ့ပေမယ့် တဖက်မှာ လီဗာပူးရဲ့ နောက်ထပ် အဓိက ကွင်းလယ်လူ တဦး ဖြစ်သူ သီယာဂို အယ်ကန်တာရာက ယနေ့မှ စတင်ကာ အသင်းနဲ့အတူ လေ့ကျင့်ခန်း အပြည့်အဝ ပြန်ဆင်းနိုင်ခဲ့တာကြောင့် ကလော့ပ်အတွက် အဆိုးထဲက အကောင်းတခုလို့ပဲ ပြောရပါမယ်။

Photo Credit: Liverpool Echo

ဟန်ဒါဆန် ဒဏ်ရာရသွားပြီးနောက် လီဗာပူးမှာ ကြံ့ခိုင်မှု ပြည့်ဝတဲ့ ကွင်းလယ်လူ ၅ဦးသာ ကျန်တော့ပြီး အဆိုပါ ကစားသမားတွေက သီယာဂို အယ်ကန်တာရာ ၊ မီလ်နာ ၊ ဖာဘင်ဟို ၊ အီလိယက်နဲ့ ကစားသမားသစ် အာသာ မယ်လိုတို့ပဲ ဖြစ်ပါတယ်။