ချယ်လ်ဆီးအသင်းနည်းပြ အန်ဇို မာရက်စ်ကာက လန်ဒန်မြို့ခံကလပ် ဝက်စ်ဟမ်းအသင်းကို ၁-၅ နဲ့ ဂိုးပြတ် အနိုင်ရခဲ့တဲ့ ပွဲစဉ်ရဲ့ ပွဲထွက်လူစာရင်းကနေ ကြယ်ပွင့်ကစားသမား ကိုးလ် ပါးလ်မာကို ရုတ်တရက် ချန်လှပ်ခဲ့ရခြင်းမှာ ကစားသမားရဲ့ ကြံ့ခိုင်မှုကို စွန့်စားမှုမပြုလုပ်လိုသောကြောင့်ဖြစ်ကြောင်း ရှင်းလင်းပြောကြားလိုက်ပါတယ်။

ပွဲမစတင်မီ ချယ်လ်ဆီးအသင်းအတွက် ထိုးနှက်ချက်တစ်ခုအနေနဲ့ ပါးလ်မာဟာ သွေးပူလေ့ကျင့်ခန်းကနေ စောစီးစွာ ထွက်ခွာသွားခဲ့ပြီးနောက် ပွဲထွက်လူစာရင်းကနေပါ နုတ်ထွက်ခဲ့ရပြီး သူ့နေရာမှာ လူငယ်ကြယ်ပွင့် ကစားသမားလေး အက်စ်တီဗာအိုနဲ့ အစားထိုးခဲ့ရပါတယ်။ ပါးလ်မာ မပါဝင်နိုင်ခဲ့တဲ့ အစောပိုင်းမိနစ်များမှာ ချယ်လ်ဆီးတို့ အနည်းငယ်ရုန်းကန်ခဲ့ရပြီး ပွဲချိန် (၆)မိနစ်မှာပဲ လူးကပ်စ် ပါကွယ်တာရဲ့ အပြောင်မြောက်ဆုံး သွင်းဂိုးနဲ့ ဝက်စ်ဟမ်းက ဦးဆောင်နိုင်ခဲ့ပါတယ်။ ဒါပေမယ့်လည်း ကလပ်ကမ္ဘာ့ဖလားချန်ပီယံ ချယ်လ်ဆီးတို့ဟာ ပုံစံကောင်းနဲ့ ပြန်လည်တုံ့ပြန်နိုင်ခဲ့ပါတယ်။

Photo Credit : beIN SPORTS

ဂျာအို ပက်ဒရိုက ချယ်လ်ဆီးအတွက် သူရဲ့ ပထမဆုံး ပရီးမီးယားလိဂ်ဂိုးကို သွင်းယူပြီး ချေပဂိုးရယူပေးခဲ့ပြီးနောက် ပက်ဒရို နက်တိုနဲ့ အန်ဇို ဖာနန်ဒက်ဇ်တို့က ထပ်မံဂိုးသွင်းခဲ့ကြရာ ပထမပိုင်းအပြီးမှာပဲ မာရက်စ်ကာရဲ့ အသင်းက အသာစီးနဲ့ ဦးဆောင်နေခဲ့ပါတယ်။ ဒုတိယပိုင်းမှာ ထရီဗို ချာလိုဘာနဲ့ မွိုက်စ် ကိုင်ဆေးဒိုတို့က ဂိုးပြတ်နိုင်ပွဲကို အဆုံးသတ်ပေးခဲ့သောကြောင့် ချယ်လ်ဆီးတို့ ဒီရာသီရဲ့ ပထမဆုံးသော နိုင်ပွဲကို ပိုင်ဆိုင်နိုင်ခဲ့ရပါတယ်။

ဒီပွဲကို လွဲချော်ခဲ့တဲ့ ချယ်လ်ဆီးကြယ်ပွင့် ပါးလ်မာဟာ လာမယ့်သီတင်းပတ်မှာ ဖူလ်ဟမ်အသင်းနဲ့ ရင်ဆိုင်ရမယ့် နောက်ထပ်လန်ဒန်ဒါဘီပွဲစဉ်မှာတော့ ပါဝင်လာနိုင်ခြေ ရှိနေပါတယ်။ ချယ်လ်ဆီးနည်းပြမာရက်စ်ကာက ပါးလ်မာကို အသုံးမပြုခဲ့ခြင်းမှာ ကြိုတင်ကာကွယ်မှုအနေနဲ့သာဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။

Photo Credit : Evening Standards

“ပြီးခဲ့တဲ့ လေးငါးရက်လောက်ကတည်းက သူ (၁၀၀)ရာခိုင်နှုန်း ကြံ့ခိုင်မှုမပြည့်ဝခဲ့ပါဘူး။ သွေးပူလေ့ကျင့်ခန်းလုပ်နေတုန်းမှာ သူတစ်ခုခုခံစားလိုက်ရတယ်။ ကျွန်တော်တို့လည်း အခြေအနေပိုဆိုးသွားမှာစိုးလို့ ဘာစွန့်စားမှုမှ မလုပ်ချင်ခဲ့ပါဘူး။” လို့ မာရက်စ်ကာက BBC Sport ကို ပြောကြားခဲ့ပါတယ်။

ပါးလ်မာမပါဝင်နိုင်ခဲ့ပေမယ့်လည်း ချယ်လ်ဆီးရဲ့တိုက်စစ်မှာ အထင်ကြီးစရာကောင်းခဲ့ပြီး ပြီးခဲ့တဲ့ရာသီက ပရီးမီးယားလိဂ်မှာ (၁၅)ဂိုးနဲ့ အသင်းရဲ့ ဂိုးသွင်းအများဆုံးသူမပါဘဲ အောင်ပွဲခံနိုင်ခဲ့ခြင်း ဖြစ်ပါတယ်။ သူရဲ့နေရာကို အစားထိုးဝင်ရောက်ခဲ့သူမှာ ထွန်းသစ်စကြယ်ပွင့်လေး အက်စ်တီဗာအိုဖြစ်ပြီး သူဟာ ရာသီကြိုခြေစွမ်းကောင်းကို ဆက်လက်တည်ဆောက်ကာ သူရဲ့ ပရီးမီးယားလိဂ်ပွဲထွက်ပွဲဦးထွက်မှာပဲ ဂိုးဖန်တီးမှုတစ်ခု ပြုလုပ်နိုင်ခဲ့ပါတယ်။ အသက် (၁၈)နှစ်နှင့် ရက်ပေါင်း (၁၂၀)အရွယ် အက်စ်တီဗာအိုဟာ ချယ်လ်ဆီးအသင်းသမိုင်းမှာ ပရီးမီးယားလိဂ် ဂိုးဖန်တီးမှုပြုလုပ်နိုင်တဲ့ အသက်အငယ်ဆုံးကစားသမားဖြစ်လာခဲ့ပါတယ်။