ဘရာဇီးလ် လက်ရွေးစင် ဘောလုံးအသင်းရဲ့ ဆယ်ကျော်သက် ဆမ်ဘာ ကြယ်ပွင့်လေး အန်းဒရစ်ခ်ကတော့ မနေ့ညက အင်္ဂလန်နဲ့ ဘရာဇီးလ်အသင်းတို့ ခြေစမ်းပွဲစဉ်မှာ လူစားဝင် ပါဝင်ခဲ့ရင်း အသင်းအတွက် အဖိုးတန် အနိုင်ဂိုးတစ်ဂိုးကို သွင်းယူပေးသွားနိုင်ခဲ့ပါတယ်။

ဒီဂိုးက အသက် (၁၇)နှစ်အရွယ်သာ ရှိနေသေးတဲ့ ပါးလ်မီးရပ်စ် ကစားသမားလေး အန်းဒရစ်ခ်အတွက်တော့ လုံးဝ အမှတ်တရ ဖြစ်စေမယ့် သွင်းဂိုးဖြစ်ခဲ့ရပြီး ဒါဟာ ဘရာဇီးလ် ကစားသမားဘဝမှာ ပထမဆုံးအကြိမ် သွင်းယူနိုင်ခဲ့တဲ့ သွင်းဂိုးပါ ဖြစ်လာခဲ့ရပါတယ်။

Photo Credit : Goal

အရည်အသွေးမြင့် တိုက်စစ်ကစားသမားလေး အန်းဒရစ်ခ်ဟာ လာမယ့် ၂၀၂၄-၂၀၂၅ ဘောလုံးရာသီမှာပဲ ကမ္ဘာ့ထိပ်သီး ဘောလုံးကလပ်အသင်းဖြစ်တဲ့ ရီးယဲလ်မက်ဒရစ်ရဲ့ ကစားသမားသစ်အဖြစ် စတင် ကစားရတော့မှာ ဖြစ်သလို ဒီလို မကစားရခင်မှာလည်း ဘရာဇီးလ်နဲ့အတူ ကိုပါအမေရိကပြိုင်ပွဲကိုပါ ဆင်နွဲရဖွယ် ရှိနေပါတယ်။

အခုလည်း ဘရာဇီးလ်အတွက် တတိယမြောက်ပွဲစဉ်ကို ပါဝင်ကစားပေးရင်းနဲ့ ဝင်ဘလေလို ကမ္ဘာ့ထိပ်တန်း ဘောလုံးကွင်းကြီးအတွင်းမှာပဲ သူရဲ့ ဘရာဇီးလ် ကစားသမားဘဝ ပထမဆုံးသောဂိုးကိုပါ သွင်းယူနိုင်ခဲ့သလို အသင်းကိုလည်း အဲ့ဒီဂိုးနဲ့ပဲ နိုင်ပွဲရစေခဲ့ပါတယ်။

Photo Credit : News24

ဒီသွင်းဂိုးနဲ့ ပတ်သက်ပြီး အန်းဒရစ်ခ်က “ဒါက မယုံနိုင်စရာပါပဲ။ ကျွန်တော် ဘောလုံးဂိမ်းမှာ career mode ကို ကစားခဲ့တုန်းကလည်း ဘရာဇီးလ်အသင်းအတွက် ပထမဆုံးဂိုးကို အခု ဝင်ဘလေကွင်းကြီးမှာပဲ သွင်းယူနိုင်ခဲ့တာ။”

“ကျွန်တော် အဲ့ဒါကို ဆက်ပြီး တွေးနေမိတာ။ ပြီးတော့ အရမ်းကောင်းလိုက်တာလို့ ခံစားမိတယ်။ ဒါက ကျွန်တော့်အတွက်တော့ လုံးဝ မယုံနိုင်စရာကောင်းတဲ့ အမှတ်တစ်ခုပါပဲ။” လို့ ဖွင့်ဟသွားခဲ့ပါတယ်။ ဆက်လက်ပြီးတော့ အန်းဒရစ်ခ်ဟာ သူရဲ့ ဘရာဇီးလ် ကစားသမားဘဝ စတုတ္ထမြောက် ပွဲစဉ်အဖြစ် စပိန်အသင်းနဲ့ ခြေစမ်းပွဲကိုလည်း ဘာနေဗျူးကွင်းမှာ ကစားသွားရပါတော့မယ်။