မန်ချက်စတာ ယူနိုက်တက်အသင်းဟာ နည်းပြ ရူဘင် အမော်ရင်ရဲ့ အနာဂတ်နဲ့ ပတ်သက်ပြီး ဆုံးဖြတ်ချက်တွေ ချမှတ်ရတော့မှာ ဖြစ်ပေမဲ့ အဲဗာတန်နဲ့ ဘန်လေနည်းပြဟောင်း ရှောင်ဒိုက်ကတော့ သူဟာ ယူနိုက်တက်အသင်းအတွက် အဖြေတစ်ခု ဖြစ်နိုင်ကြောင်း အရိပ်အမြွက် ပြောကြားလိုက်ပါတယ်။

မန်ယူကို ကိုင်တွယ်ချင်တဲ့ သူ့ရဲ့အိပ်မက်အကြောင်း ဝန်ခံခဲ့တဲ့ ရှောင်ဒိုက်က နည်းပြအမော်ရင်ထက် ပွဲတွေကို ပိုပြီး အနိုင်ရအောင် လုပ်ပြနိုင်မယ်လို့လည်း ပြောဆိုလိုက်ပါတယ်။ ယူနိုက်တက်အသင်းဟာ ၂၀၂၄-၂၅ ရာသီမှာ အခြေအနေ ဆိုးရွားနေပြီး ပေါ်တူဂီနည်းပြ အမော်ရင်ဟာလည်း အသင်းရဲ့ ကျဆင်းမှုကို တားဆီးနိုင်ခြင်း မရှိသေးပါဘူး။

လက်ရှိအချိန်မှာ ယူနိုက်တက်ဟာ ပရီးမီးယားလိဂ် ရာသီကုန်ခါနီး (၂)ပွဲအလိုမှာပဲ အမှတ်ပေးဇယားရဲ့ အဆင့်(၁၅)နေရာထိတောင် ရောက်ရှိနေပြီး တန်းဆင်းဇုန်နဲ့ ကပ်လျက်အနေအထားလေးနဲ့ ရာသီသိမ်းသွားနိုင်တဲ့ အနေအထားမှာ ရှိနေပါတယ်။ နည်းပြအမော်ရင် ကိုယ်တိုင်ကလည်း လာမယ့်ရာသီမှာ အခြေအနေတွေ အမြန်တိုးတက်မလာရင် သူ့ရဲ့ရာထူးကို ပြန်သုံးသပ်သင့်တယ်လို့ ပြောကြားထားပြီး ဖြစ်ပါတယ်။

Photo Credit : Goal

အဲဗာတန်နဲ့ ဘန်လေနည်းပြဟောင်း ရှောင်ဒိုက်ကတော့ နည်းပြဘဝကနေ အနားမယူခင် ကိုင်တွယ်ချင်တဲ့ အသင်းတွေထဲမှာ ယူနိုက်တက် ပါဝင်ကြောင်း မကြာသေးခင်က ဝန်ခံခဲ့ပြီး အမော်ရင်အနေနဲ့ အခြေအနေတွေကို ပြောင်းလဲဖို့ အချိန်နည်းနေပြီလို့လည်း သုံးသပ်ခဲ့ပါတယ်။ Sky Bet က တင်ဆက်တဲ့ “Stick to Football” အစီအစဉ်မှာ ရှောင်ဒိုက်က “အမြဲတမ်း မန်ချက်စတာ ယူနိုက်တက်ပါပဲ။ အသင်းကြီးမို့လို့ပါ။ မန်ယူနိုက်တက် ဖြစ်နေလို့ မဟုတ်ဘဲ သူ့ရဲ့ ခမ်းနားထည်ဝါမှု အထူးသဖြင့် အရင်တုန်းက ပိုပြီး ခမ်းနားခဲ့တဲ့အတွက်ပါ။ အခုတော့ ခက်ခဲတဲ့ ကာလကို ဖြတ်သန်းနေရပေမဲ့ သူ့ရဲ့ ကမ္ဘာအနှံ့ ခံစားမှုတွေ ရှိပါတယ်။ အင်အားကြီးမားတဲ့ ကလပ်တစ်ခုပါ။” လို့ ဆိုပါတယ်။

“သူ (အမော်ရင်)အနေနဲ့ ပွဲတွေ အနိုင်ရအောင် လုပ်ရပါတော့မယ်။ မြန်မြန်လေးပေါ့။ ကျွန်တော့်နည်းလမ်းအတိုင်း သွားမယ်ဆိုရင် ပိုပြီး ပွဲများများ နိုင်မယ်လို့ ထင်ပါတယ်။ ရိုးရှင်းတဲ့ ၄-၄-၂ ပုံစံမျိုး အခြေခံ စည်းမျဉ်းတွေကို ပေးလိုက်ရုံပါပဲ။ ကစားသမားကောင်းတွေ ရှိပါတယ်။ လူတိုင်းကို အသေးစိတ် သင်ပေးနေဖို့ မလိုပါဘူး။ ရေရှည်မှာ သူက သူ့ရဲ့ ကိုယ်ပိုင်ပုံစံကို ဆက်ထိန်းပြီး လာမယ့်ရာသီမှာလည်း အားလုံးက တော်တယ်လို့ ချီးကျူးကြမလား ဆိုတာကို ပိုပြီး စိတ်ဝင်စားပါတယ်။ ဒါပေမဲ့ သူရောက်နေတာလည်း နည်းနည်း ကြာပြီဆိုတော့ မကြာခင် အနိုင်ရလဒ်တွေ ပြသသင့်ပါပြီ။”

Photo Credit : Everton News

“လာမယ့်ရာသီ အစောပိုင်းမှာ ရူဘင် အမော်ရင် ဖိအားအောက် မရောက်ရင်တောင် ကျွန်တော် အံ့သြမိမှာပါ။ ဒီရာသီအတွက်တော့ သူ့ကို နားလည်မှုပေးကြပါစို့။ သူက အောင်မြင်မှုအတွက် အခြေခံအုတ်မြစ်ချနေတယ်၊ အနာဂတ်အတွက် ပြင်ဆင်နေတယ်လို့ ပြောလို့ရပါတယ်။ ပြီးရင် ရာသီကြိုကာလ ရှိပါသေးတယ်။ အဲဒီအချိန်မှာ နေ့တိုင်း နေ့တိုင်း အလုပ်လုပ်ဖို့ အချိန်ရပါပြီ။ အသင်းနဲ့ အဆင်မပြေတဲ့ ကစားသမားအချို့ကို ထွက်ခွာခွင့်ပေးပြီး လိုက်ဖက်ညီတဲ့ ကစားသမားတွေ ခေါ်ယူလို့ရပါတယ်။ အဲဒီနောက် လာမယ့်ရာသီ အစောပိုင်းမှာ အဆင်မပြေရင် ဘယ်လောက်ကြာကြာ ဆက်ထားမလဲ။”

“အကောင်းဆုံး အခြေအနေကတော့ ရာသီကြိုပြင်ဆင်မှု ပြုလုပ်ပြီး အပြောင်းအရွှေ့တွေ လုပ်ပြီးတဲ့နောက် ခရစ္စမတ်လောက်အထိ အောင်မြင်မှုပုံစံမျိုး မရသေးရင်တော့ လူအများစုက အခြေအနေတွေ မြန်မြန်ကောင်းလာဖို့ လိုနေပြီလို့ ပြောလာပါလိမ့်မယ်။ နောက်ထပ် အပြောင်းအရွှေ့ကာလ တစ်ခုလောက်တော့ အချိန်ရနိုင်ပေမဲ့ ဇန်နဝါရီ ဖေဖော်ဝါရီလောက်မှာတော့ အဆင်မပြေတော့ဘူးလို့ ပြောကြတော့မှာပါ” လို့ ရှောင်ဒိုက်က မှတ်ချက်ပြုခဲ့ပါတယ်။