ချယ်လ်ဆီးအသင်းရဲ့ legend player ဟောင်းတစ်ဦးဖြစ်သူ အီဒင် ဟာဇက်က သူနဲ့ ချယ်လ်ဆီးမှာ တွဲဖက်ကစားခဲ့ဖူးတဲ့ သူ့အသင်းဖော်ဟောင်းကြီး ဖာဘရီဂတ်စ်ကို ချယ်လ်ဆီးနည်းပြသစ် ဖြစ်လာစေချင်တယ်လို့ မှတ်ချက်ပြု ပြောဆိုသွားခဲ့ပါတယ်။

ချယ်လ်ဆီးအသင်းက ၂၀၂၃-၂၀၂၄ ဘောလုံးရာသီ အစမှာပဲ မော်ရစ်စီယို ပိုချက်တီနိုကို နည်းပြသစ်အဖြစ် ခန့်အပ်ခဲ့ပြီး ပိုချက်တီနိုက ပရီးမီးယားလိဂ်မှာ အဆင့်(၆)နေရာ လိဂ်ဖလားမှာ ဖိုင်နယ်နဲ့ အက်ဖ်အေဖလားမှာ ဆီမီးဖိုင်နယ်တွေထိ ရောက်ရှိအောင် ပို့ဆောင်နိုင်ခဲ့ပေမယ့် ရာသီကုန်အပြီး ရက်ပိုင်းအတွင်းမှာပဲ အသင်းက ပိုချက်တီနိုကို နည်းပြရာထူးကနေ ထုတ်ပယ်ခဲ့လိုက်ပါတယ်။

Photo Credit : Football Transfer

အခုတော့ ချယ်လ်ဆီးက ပိုချက်တီနိုနေရာမှာ အစားထိုးဖို့ နည်းပြသစ်တစ်ဦးကို ရှာဖွေလျက် ရှိနေပြီး လတ်တလောမှာတော့ လက်စတာကို ပရီးမီးယားလိဂ်ဆီ တန်းတက်လာအောင် ပို့ဆောင်ပေးထားနိုင်တဲ့ နည်းပြ အန်ဇို မာရီစကာနဲ့ ဘရန့်ဖို့ဒ်နည်းပြ သောမတ်စ် ဖရန့်တို့ကို ပစ်မှတ်ထားလျက် ရှိနေပါတယ်။

ဒီလို အခြေအနေမှာ ချယ်လ်ဆီး ကစားသမားဟောင်းကြီး ဟာဇက်က talkSPORT မှာ အင်တာဗျူး လုပ်ဆောင်ပြီး သူ့အသင်းဟောင်း အခြေအနေတွေကို သုံးသပ်ပြောဆိုလာခဲ့ပါတယ်။ “ကျွန်တော် ပိုချက်တီနိုနဲ့ ပတ်သက်ပြီး စိတ်မကောင်း ဖြစ်မိရတယ်။ သူက ချယ်လ်ဆီးမှာ အကောင်းဆုံးတွေ လုပ်ဆောင်ခဲ့တယ်လို့လည်း ကျွန်တော် ထင်ပါတယ်။”

Photo Credit : The Mirror

“လူတွေက ချယ်လ်ဆီးကို ထိပ်ဆုံး(၄)သင်းနေရာမှာ ရှိနေကြချင်တယ်ဆိုတာ သိပေမယ့်လည်း ဒါက အကူးအပြောင်း ရာသီတစ်ခုသာ ဖြစ်ပါတယ်။ သူက ထိပ်တန်း နည်းပြကောင်းတစ်ဦးပါ။ သူ ကံကောင်းပါစေလို့ ကျွန်တော် ဆုမွန်ကောင်းတောင်းပေးပါတယ်။ နောက်ပြီး အနာဂတ်မှာ အသင်းကို ဘယ်နည်းပြ ကိုင်တွယ်မလဲဆိုတာ စောင့်ကြည့်သွားရပါမယ်။”

“ဒီဇာဘီလည်း ချယ်လ်ဆီး နည်းပြသစ် ဖြစ်လာနိုင်ပါတယ်။ နောက်ပြီး ကျွန်တော့်မှာ ကိုမိုအသင်းက သူငယ်ချင်းလည်း ရှိသေးတယ်။ သူလည်း ချယ်လ်ဆီးအသင်းရဲ့ နည်းပြသစ် ဖြစ်လာနိုင်ပါတယ်။” လို့ ဟာဇက်က ပြောလာပါတယ်။ ဖာဘရီဂတ်စ်က ချယ်လ်ဆီး အလိုရှိနေတဲ့ နည်းပြစာရင်းမှာ မပါဝင်ပေမယ့် ကိုမိုအသင်းကို စီးရီးဘီကနေ စီးရီးအေပြိုင်ပွဲဆီ တက်လှမ်းခွင့် ရရှိအောင်ပါ စွမ်းဆောင်ပေးထားတဲ့ လူငယ်နည်းပြတစ်ဦး ဖြစ်ပါတယ်။