မကြာသေးခင်ကမှ ဘောလုံးသမားဘဝကနေ တရားဝင် အနားယူခဲ့တဲ့ ဘယ်လ်ဂျီယံ ကစားသမားဟောင်းကြီး အီဒင် ဟာဇက်ဟာ ဆော်ဒီကလပ်အသင်းတွေရဲ့ တစ်ပတ်လုပ်ခ ပေါင် (၁)သန်းတန် ကမ်းလှမ်းမှုကြီးကိုပါ ပယ်ချခဲ့ပြီးမှ သူရဲ့ ဘောလုံးသမားဘဝကို အဆုံးသတ်ခဲ့တာပါလို့ အသင်းဖော်ဟောင်း မီခေးလ်က ပြောဆိုလာခဲ့ပါတယ်။

အသက် (၃၂)နှစ်အရွယ်နဲ့ မြက်ခင်းစိမ်းတွေပေါ်ကနေ ကျောခိုင်း ထွက်ခွာခဲ့တဲ့ ဟာဇက်က ဘောလုံး ဆက်ကစားဦးမယ်ဆိုရင် ကစားလို့ရတဲ့ အခြေအနေမျိုးမှာ ရှိနေသလို သူ့ကိုလည်း ကလပ်အသင်း တော်တော်များများက ကမ်းလှမ်းမှုတွေ ပြုလုပ်ခဲ့ပေမယ့်လည်း ဟာဇက်ကတော့ retired လုပ်ဖို့ကိုသာ ရွေးချယ်သွားခဲ့ပါတယ်။

Photo Credit : The Sun

ဟာဇက်ကို ကမ်းလှမ်းလာတဲ့ ကမ်းလှမ်းမှုတွေထဲမှာ တစ်ပတ်လုပ်ခ ပေါင် (၁)သန်းဆိုတဲ့ တကယ့် မက်မောလောက်စရာ ကမ်းလှမ်းမှုကြီးပါ ပါဝင်ခဲ့ပေမယ့်လည်း ဟာဇက်ကတော့ ဒါကို မက်မောနေခြင်း မရှိပဲ သူရဲ့ ဘောလုံးသမားဘဝကို အဆုံးသတ်လိုက်ဖို့ကိုသာ ဆုံးဖြတ်ခဲ့ပါတယ်။

ချယ်လ်ဆီးအသင်းနဲ့အတူ အောင်မြင်မှုတွေ ရရှိခဲ့သလောက် ရီးယဲလ်မက်ဒရစ်မှာတော့ ရုန်းကန်နေခဲ့ရတဲ့ ဟာဇက်က ရီးယဲလ်နဲ့ (၄)ရာသီ ဖြတ်သန်းပြီးတဲ့နောက် စာချုပ်ဖျက်သိမ်းကာ လမ်းခွဲခဲ့ပြီး သိပ်မကြာခင်မှာပဲ ဘောလုံးသမားဘဝကို အဆုံးသတ်ခဲ့တာ ဖြစ်ပါတယ်။

Photo Credit : Footbalium

ဒီအကြောင်းတွေနဲ့ ပတ်သက်ပြီး ဟာဇက်ရဲ့ အသင်းဖော်ဟောင်း မီခေးလ်က “သူက သူ ဘောလုံးသမားဘဝကနေ ထွက်ခွာချင်ပြီလို့ ကျွန်တော့်ကို ပြောလာတယ်။ ပြီးတော့ ဆော်ဒီဘက်ကနေ ကမ်းလှမ်းမှု (၂)ခု (၃)ခုလောက် ရှိနေတာမို့ တစ်ပတ် ပေါင်(၁)သန်းလောက်ယူပြီး ဆော်ဒီကို သွားလိုက်ရင် ကောင်းမလားဆိုပြီးလည်း မေးသေးတယ်။”

“ဒါပေမယ့် သူက သူ့ဘဝ ငွေကြေးပိုင်းနဲ့ ပတ်သက်ပြီး ဘာမှ ကြီးကြီးမားမား သုံးစွဲတာတွေ မရှိခဲ့တာကြောင့် သူ့ကလေးတွေကို ကြည့်ရှု စောင့်ရှောက်ဖို့အတွက် ပိုက်ဆံ အလုံအလောက် ရှိတယ်လို့ ပြောခဲ့ပါတယ်။” ဆိုပြီး ပြန်လည် မျှဝေသွားခဲ့ပါတယ်။