ဆော်ဒီပရိုလိဂ် ထိပ်သီးကလပ် အယ်လ်နာဆာအသင်းရဲ့ အသင်းခေါင်းဆောင် ပေါ်တူဂီ စူပါစတား တိုက်စစ်ကစားသမားကြီး ခရစ္စတီယာနို ရော်နယ်လ်ဒိုက သူအခု ပါဝင်နေတဲ့ ဆော်ဒီလိဂ်ဟာ ပြင်သစ်လီဂူးပြိုင်ပွဲထက် ပိုမို ကောင်းမွန်တယ်လို့ မှတ်ချက်စကား ပြောဆိုထားခဲ့ပါတယ်။

ရော်နယ်လ်ဒို ဒီမှတ်ချက်စကားက သူတို့လိဂ်ဆီကို ထိပ်သီး ကစားသမားတွေ ရောက်ရှိလာချိန်မှာ အသင်းတွေက ပြိုင်ဆိုင်မှု ပိုမို အားကောင်းလာတယ် ဆိုတာကို ဆိုလိုချင်ပေမယ့် ဒီမှတ်ချက်စကားနဲ့ ပတ်သက်ပြီး သဘောထား ကွဲလွဲမှုတွေလည်း များစွာ ရှိခဲ့ရပါတယ်။

Photo Credit : Daily Motion

ဒီစကားနဲ့ ပတ်သက်ပြီး ပြင်သစ်လီဂူးရဲ့ တွစ်တာစာမျက်နှာတစ်ခုကတော့ သူတို့လိဂ်မှာ ကစားခဲ့ဖူးတဲ့ လီယွန်နယ် မက်ဆီက အင်တာဗျူးတစ်ခုမှာ လာလီဂါထက် လီဂူးမှာ ကစားရတာက ရုပ်ပိုင်းဆိုင်ရာကို အားပြုကစားရတာဖြစ်လို့ လီဂူးက ကစားရ ပိုမို ခက်ခဲတယ်လို့ ပြောဆိုထားမှုနဲ့ ပြန်လည် ချေပခဲ့ပါတယ်။

အခုလည်း လိုင်လီအသင်းနဲ့အတူ ပြင်သစ်လီဂူးမှာ ပါဝင်ကစားခဲ့ဖူးတဲ့ အီဒင် ဟာဇက်ကပါ ရော်နယ်လ်ဒိုရဲ့ မှတ်ချက်စကားကို ချေပတဲ့ဘက်ကနေ ပြန်လည် တုံ့ပြန်လာခဲ့ပါတယ်။ “ကျွန်တော်ကတော့ သူပြောတာကို လက်မခံပါဘူး။ ဒါပေမယ့်လည်း ဒါကတော့ သူရဲ့ ထင်မြင်ချက်သပ်သပ်ပဲ ဖြစ်မှာပါ။”

Photo Credit : Sports Tiger

“သူပြောချင်တာက အခု ဆော်ဒီအာရေဗျ အမှတ်ပေးလိဂ်ပြိုင်ပွဲကို ကြည့်မယ်ဆိုရင် သူတို့မှာ ထိပ်တန်း ကစားသမားကြီးတွေ ရှိနေတာကို မြင်ပါလိမ့်မယ်။ ဒါပေမယ့် သူတို့ ကလပ်တွေက ထိပ်တန်းကလပ်တွေ မဟုတ်နေသေးပါဘူး။ ပြင်သစ်မှာကတော့ ထိပ်တန်းကစားသမားတွေ နည်းကောင်းနည်းလိမ့်မယ်။ ဒါပေမယ့် ဒီကအသင်းတွေက ပိုပြီး အသင်းတစ်သင်း ပီသတယ်။”

“တကယ်လို့ လီဂူးဝမ်းရဲ့ အောစတားအသင်းနဲ့ ဆော်ဒီလိဂ် အောစတားအသင်းတို့သာ ကစားကြမယ်ဆိုရင် လီဂူးကပဲ အနိုင်ရသွားပါလိမ့်မယ်။ လူတွေ ထင်သလို လွယ်ကူမှာ မဟုတ်ပေမယ့်လည်း ကျွန်တော်ကတော့ လီဂူးသာ နိုင်သွားမယ်လို့ ထင်ပါတယ်။ ပြင်သစ်လိဂ်ရဲ့ အဆင့်အတန်းကလည်း တကယ်ကို ကောင်းပါတယ်။ ကျွန်တော်လည်း အမြဲကြည့်ဖြစ်တယ်။” လို့ ဟာဇက်က တုံ့ပြန် ပြောကြားသွားခဲ့ပါတယ်။